အမေရိကန်၏လိုတစ်မျိုး၊ မလိုတစ်မျိုးစံနှုန်းများက မြောက်ကိုရီးယားနှင့်ဆွေးနွေးပွဲများကိုဟန့်တားနေဟုဆို

ဆိုး၊ နိုင်ငံရေး

အမေရိကန်၏လိုတစ်မျိုး၊ မလိုတစ်မျိုးစံနှုန်းများက မြောက်ကိုရီးယားနှင့်ဆွေးနွေးပွဲများကိုဟန့်တားနေဟုဆို

အမေရိကန်အနေဖြင့် စစ်ရေးလှုပ်ရှားမှုဆိုင်ရာ ကိစ္စရပ်များတွင် လိုတစ်မျိုး၊ မလိုတစ်မျိုးစံနှုန်းများ ထားရှိဆောင်ရွက်နေပြီး ထိုသို့သော ဆောင်ရွက်ချက်များက နျူကလီးယားအရေးဆွေးနွေးပွဲများပြုလုပ်မှုကို ဟန့်တားနေကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက စက်တင်ဘာ ၁၇ ရက်တွင်ဖော်ပြထားသည်။

ကိုရီးယားနှစ်နိုင်ငံစလုံးက စက်တင်ဘာ ၁၅ ရက်တွင် အမြင့်ပျံဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပြီး နောက် မြောက်ကိုရီးယားဘက်က ယခုကဲ့သို့ပြောဆိုလာခြင်းဖြစ်သည်။မြောက်ကိုရီးယားနိုင်ငံသည် စက်တင်ဘာ ၁၅ ရက်တွင် မီးရထား တစ်စင်းပေါ်မှ အမြင့်ပျံဒုံးကျည်တစ်စင်း စမ်းသပ်ပစ်ခတ်မှုကိုမလုပ်မီ ပြီးခဲ့သည့်သီတင်းပတ်အကုန်တွင်လည်း အမြင့်ပျံ ပဲ့ထိန်းဒုံးကျည်အသစ်တစ်မျိုးကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ရာ ထိုစမ်းသပ်မှုကို အမေရိကန်က အပြစ်တင်ဝေဖန်ထားသည်။

သို့သော် တောင်ကိုရီးယားနိုင်ငံက စက်တင်ဘာ ၁၅ ရက်တွင်လုပ်ဆောင်သည့် ရေငုပ်သင်္ဘောအခြေပြု အမြင့်ပျံဒုံး ကျည် စမ်းသပ်ပစ်ခတ်မှုကိုမူ အမေရိကန်နိုင်ငံက တစ်စွန်းတစ်စမျှ ပြောဆိုထားခြင်းမရှိပေ။ ထို့ကြောင့် အမေရိကန်နိုင်ငံသည် မြောက်ကိုရီးယား အစိုးရ၏စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုများ အဖြစ်သတ်မှတ်ကာ ကြောက်စရာကောင်းသည့်ပဋိပက္ခတစ်ခုဖြစ်လာစေရန် ဖန်တီးနေကြောင်း  နိုင်ငံတကာ ရေးရာ လေ့လာသူတစ်ဦးဟုဆိုသည့် ကင်မြောင်ချို၏ နိုင်ငံပိုင် KCNA သတင်းဌာန၏ ဆောင်းပါး ကဏ္ဍတွင် ရေးသားဖော်ပြ ထားသည်။

ထို့ပြင် အမေရိကန်နိုင်ငံသည် မြောက်ကိုရီးယား၏ စစ်ရေးဆိုင်ရာဆောင်ရွက်ချက်များကို လက်နက်ကိုင်ရန်စမှုများဟု ခေါင်းစဉ်တပ် ကာ လိုရာဆွဲပြောဆိုနေမှုများသည် နိုင်ငံ၏ ကိုယ့်ကိုယ်ကိုယ်ကာကွယ်မှုအခွင့်အရေးကိုထိပါးနေပြီး    ထိုသို့သော အထက်စီးဆန်ပြီး    ကိုယ်သာလျှင် အမှန်ဟူသော စိတ်ဖြင့်တုံ့ပြန်မှုများသည် အမေရိကန်ပုံစံ လိုတစ်မျိုး၊ မလိုတစ်မျိုးစိတ်ဓာတ်ကို ထင်ရှားစွာ ဖော်ပြနေခြင်းဖြစ်ကြောင်း ကင်မြောင်ချိုကပြောသည်။

အလားတူ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားနှင့်အမြင့်ပျံဒုံးကျည်များအစီအစဉ်ကိုရုပ်သိမ်းပြီး အပြန်အလှန်အနေဖြင့် နိုင်ငံတကာက  အရေးယူပိတ်ဆို့မှုများကိုဖြေလျှော့ပေးရေးရည်မှန်းသည့် ဆွေးနွေးပွဲများသည်လည်း အမေရိကန်ကြောင့် ရပ်ဆိုင်း နေရခြင်း ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

အမေရိကန်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံအပေါ်ထားရှိသော ရန်မူသည့်မူဝါဒကိုမရုပ်သိမ်းသမျှကာလပတ်လုံး နျူကလီးယား ကင်းစင်ရေးဆိုသည့် စကားလုံးသည်လည်း ဆွေးနွေးပွဲစကားဝိုင်းသို့ ရောက်ရှိလာမည်မဟုတ်ကြောင်း ကင်မြောင်ချို၏ ဆောင်းပါးတွင် ဖော်ပြထားသည်။အမေရိကန်နှင့်  မြောက်ကိုရီးယားတို့ကြား ထိပ်သီးဆွေးနွေးပွဲနှစ်ကြိမ်ပြုလုပ်နိုင်ခဲ့သော်လည်း လိုချင်သည့်ပန်းတိုင်သို့ မရောက်ဘဲ နောက်ထပ်ဆွေးနွေးပွဲများ ကျင်းပရန်ကြန့်ကြာနေကြောင်းသိရသည်။

Ref: TST