အမေရိကန်၏ ဖိအားပေးမှုကို ဖီဆန်၍ အီရန်က ဗင်နီဇွဲလားသို့ စစ်ရေယာဉ်များ စေလွှတ်မည်လား

အီရန်အာဏာပိုင်များသည် နိုင်ငံနှင့်   အလွန်အလှမ်းကွာသည့်  အတ္တလန္တိတ် သမုဒ္ဒရာသို့  ၎င်းတို့၏စစ်ရေယာဉ်များ  ကိုစေလွှတ်ခဲ့သည်။

အီရန်က စေလွှတ်လိုက်သည့်  စစ်ရေယာဉ်များမှာ  Sahand  ဟု  အမည်ပေး ထားသည့်   ဖျက်သင်္ဘောတစ်စင်းနှင့် အထောက်အကူပြု ရေယာဉ်  Makran တို့ဖြစ်သည်။

အီရန်သည် Makran ရေယာဉ်ကို ထောက်လှမ်းရေးသတင်း အချက်အလက် စုဆောင်းရာတွင်လည်း အသုံးပြုလျက်ရှိကြောင်း အမေရိကန် အစိုးရအဖွဲ့မှ အရာ ရှိများ၏ ပြောဆိုချက်များကို   ကိုးကား၍ အမေရိကန်မီဒီယာများ၌   ဖော်ပြထား သည်။

အဆိုပါသင်္ဘောများကို   အီရန်နှင့် အမေရိကန်တို့ကြား ဆက်ဆံရေး တင်းမာ မှုမြင့်တက်နေစဉ် စေလွှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ အဆိုပါစစ်ရေယာဉ်များကို မည်သည့်ဒေသ သို့မဟုတ် မည်သည့်နိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း   အီရန်က ထုတ်ပြန်ထားခြင်း မရှိသော်လည်း အီရန်၏ အဓိက မဟာမိတ်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဗင်နီဇွဲလားနိုင်ငံသို့    စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း   အမေရိကန် အရာရှိများကဆိုသည်။

သို့ရာတွင်   အီရန်သည်   ၎င်းတို့၏စစ်ရေယာဉ်များကို   နိုင်ငံပိုင်ရေတပ်၏ အရှည်လျားဆုံးနှင့်  စိန်ခေါ်မှု အများဆုံး ရေကြောင်း ခရီးစဉ်တစ်ခုသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်ဟု  အီရန်လက်ထောက် ရေတပ်အကြီးအကဲ  ဟာဘီဘိုလာဆေယာရီက ပြောသည်။

ဖြစ်နိုင်ခြေရှိသည့်  အကြောင်းရင်း တစ်ရပ်မှာ  အီရန်အနေဖြင့်  ပင်လယ် ရေကြောင်း သွားလာရေးစွမ်းရည်ကို  ပိုမို ကောင်းမွန်စေရန် တိုးမြှင့်နေခြင်းဖြစ်ပြီး စစ်ရေယာဉ်များ၏ ရေရှည်ခံနိုင်ရည်ရှိမှုနှင့် အတ္တလန္တိတ်သမုဒ္ဒရာ၏ ကြမ်းတမ်းမှုကို ရင်ဆိုင်နိုင်သည့် ခံနိုင်ရည်စွမ်းအားတို့ပါ မြှင့်တင်နိုင်ရန်  လုပ်ဆောင်ခြင်းဖြစ်သည် ဟုဆိုနိုင်သည်။

နောက်တစ်ချက်မှာ အီရန်သည် ၎င်း၏ မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗင်နီဇွဲ လားသို့သွားရောက်မည့် အလားအလာ ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် အီရန် အစိုးရသည် ဗင်နီဇွဲလားသမ္မတ နီကိုလပ် မာဒူရိုနှင့် ရင်းနှီးကျွမ်းဝင်သည့် ဆက်ဆံရေး တစ်ရပ်တည်ထောင်ထားပြီး အမေရိကန် အစိုးရက ဗင်နီဇွဲလားအပေါ် ပိတ်ဆို့မှုများချမှတ်ထားသော်လည်း အဆိုပါပိတ်ဆို့မှုများကို ရှောင်ရှား၍  ဗင်နီဇွဲလားသို့ ရေနံ နှင့် တခြားကုန်ပစ္စည်းများ တင်ပို့လျက် ရှိသောကြောင့်ဖြစ်သည်။

ဗင်နီဇွဲလားအစိုးရသည်    အီရန်က ပို့ဆောင်မည့်  လောင်စာဆီများအတွက် ငွေကြေးပေးအပ်ထားပြီး ဖြစ်သည်ဟု ယူဆနိုင်သည်။ ထို့ပြင် Makran ရေယာဉ်သည် လောင်စာဆီတင် ရေယာဉ်တစ်စင်းအား ပြန်လည်မွမ်းမံထားသော    ရေယာဉ်ဖြစ် သည့်အပြင်    အဆိုပါရေယာဉ်ပေါ်သို့  ရဟတ်ယာဉ်များ ဆင်းသက်နိုင်သည်။

သို့ရာတွင်   အီရန်စစ်ရေယာဉ်များသည်   ဗင်နီဇွဲလားနိုင်ငံရှိ  ဆိပ်ကမ်းသို့ လာရောက်ဆိုက်ကပ်မည် မဟုတ်ကြောင်း ဗင်နီဇွဲလား အစိုးရက  တုံ့ပြန်ထားသော်လည်း အီရန်စစ်ရေယာဉ်များ၏ နောက်ဆုံးခရီးစဉ်မှာ ဗင်နီဇွဲလားနိုင်ငံဖြစ်သည်ဟု Politico သတင်းဝက်ဘ်ဆိုက်၌  ဖော်ပြထားသည်။

ထို့ပြင်  အီရန်စစ်ရေယာဉ်များသည် နိုင်ငံအတွင်းရှိ ဆိပ်ကမ်းများသို့ ဆိုက်ကပ် မည်မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ     ပြောရေးဆိုခွင့်ရှိသူ  ခါတစ်ဇာဒေးက  သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ ပြောကြားခဲ့သည်။

သို့ရာတွင် အီရန်အနေဖြင့် ၎င်းတို့၏ရေယာဉ်များကို   နိုင်ငံတကာ ဥပဒေများ အပေါ်အခြေခံ၍ နိုင်ငံတကာ ရေပိုင်နက်များ၌  ဖြန့်ကြက်ထားလေ့ရှိပြီး ထိုသို့ လုပ်ဆောင်ရန် နိုင်ငံ၌   အခြေခံအခွင့်အရေး အပြည့်ရှိကြောင်း၊ အီရန်၏ စစ်ရေ ယာဉ်ဖြန့်ကြက်မှုနှင့် ပတ်သက်၍ မည်သည့်နိုင်ငံကမျှ အဟန့်အတား ပြုနိုင်မည်မဟုတ်ကြောင်း  အီရန်အစိုးရက ထုတ်ပြန်ထားသည်။

အချုပ်အားဖြင့်ဆိုရပါမူ အီရန်က ၎င်းတို့၏  စစ်ရေယာဉ်များကို စေလွှတ်ခြင်းသည် အမေရိကန်နှင့် ဆက်ဆံရေးတင်းမာနေစဉ်အတွင်း   ထွက်ပေါ်လာခြင်းဖြစ် သည်။ 

အကယ်၍ အီရန်စစ်ရေယာဉ်များသည် အမေရိကန်က ဆန့်ကျင်နေသည့် ဗင်နီဇွဲ လားနိုင်ငံသို့ ဦးတည် သွားရောက်မည်ဆိုပါက အမေရိကန်အစိုးရက ချမှတ်ထား သော    ဖိအားပေးမှုကို    ပြောင်ပြောင်တင်းတင်း ဖီဆန်ခြင်းဟု  အမေရိကန်က ရှုမြင်နိုင်သည့်အပြင် ဗင်နီဇွဲလားသို့ အီရန်စစ်ရေယာဉ်များ ဆိုက်ကပ်ခြင်းသည် ဗင်နီ ဇွဲလား   လက်နက်ကိုင် တပ်ဖွဲ့အတွင်း   အဓိကကျသော   အချိုးမညီ စစ်ဆင်ရေး တပ်ဖွဲ့တစ်ဖွဲ့  ဖွဲ့စည်းနိုင်ရန်  အထောက် အပံ့ပြုနိုင်သည်ဟု တချို့က သုံးသပ်ထား သည်။      

Ref: ABCnews, Sputnik