အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)အား ရှင်းလင်း

နေပြည်တော်  မတ်  ၁၈

၂၀၂၁ ခုနှစ် မတ် ၁၈ ရက်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှဦးဆောင်၍ ဆက်စပ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်း များနှင့် ရေးဆွဲထားရှိသည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)အား ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန် ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ယခုဥပဒေသည် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် သို့ တင်ပြထားသည်ကိုလည်း သိရှိကြောင်း၊ ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ဆွေးနွေးရမည့် အဖွဲ့အစည်း များနှင့်ဆွေးနွေးပြီး အဆင်သင့်ဖြစ်ထားရန် လိုအပ်မှာဖြစ်ကြောင်း၊ ယခုရေးဆွဲထားသည့်   အခြေအနေအပေါ် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများမှ ပေးပို့လာသည့် တင်ပြချက်များကို ပြန်လည်သုံးသပ်ဖို့လိုကြောင်း၊  ယင်း သို့ပြန်လည် သုံးသပ်ဖို့အတွက်  မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များနှင့်နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီအစည်းအဝေးများ ခေါ်ယူဆွေးနွေးသွားရန် လိုအပ်မည်ဖြစ် ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ယခုဥပဒေဖြစ်ပေါ်လာရခြင်းသည် အမျိုးသမီးများနှင့် ကလေးသူငယ်များ အပေါ် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ဆန်းစစ်မှုများပြုလုပ်ရာမှာ အမျိုးသမီးငယ်ရွယ်သူများကို လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုပြုလုပ်သည့် ဖြစ်ရပ်များ ရာခိုင်နှုန်းများလာသည်ကို တွေ့ရှိရပြီး အဓမ္မပြုကျင့်ရာတွင် လူသားမဆန်သည့်ပုံစံများ တွေ့ရှိလာကြောင်း၊ အဆိုပါ အမှုအခင်းများနှင့်ပတ်သက်၍ ရာဇသတ်ကြီးရှိထား သော်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများအတွက် လုံလောက်သည့် အကာအကွယ်ပေး နိုင်ရေး အတွက်   ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဥပဒေမူကြမ်း ရေးဆွဲဆောင်ရွက်မှု အခြေအနေများနှင့်သက်ဆိုင်ရာ တာဝန်ခံများက ဥပဒေပါ အချက်များအား ပုဒ်မတစ်ခုချင်းစီအလိုက် ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့က ဆွေးနွေးညှိနှိုင်းခဲ့သည်။

လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ အစည်းအဝေးခေါ်ယူ၍ ဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ဥပဒေ(မူကြမ်း)အပေါ် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ အကြံပြုချက်များကိုလည်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(၅၀၀)