ပူတာအို
ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်ရှိ ဆေးဝါးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြု ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေးအတွက် မြို့မဈေးနှင့်ကောင်ကထောင်ရပ်ကွက်ရှိ ဆေးပစ္စည်း အရောင်းဆိုင်များအား သြဂုတ် ၁၉ ရက်တွင် ခရိုင်^မြို့နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြီးကြပ် ရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပူတာအိုခရိုင်/မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့များက ပူတာအိုမြို့ မြို့မဈေးနှင့်ကောင်ကထောင်ရပ်ကွက်အတွင်းရှိ သုခချမ်းသာဆေးဆိုင်နှင့် ကောင်းပြည့်ဆေးဆိုင်တို့အား ပူးပေါင်းစစ် ဆေးခဲ့ကြပြီး ဆေးဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံကာ ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှုမရှိစေရေး၊ ဆေးဆိုင်များအား ပုံမှန်ဖွင့်လှစ် ရောင်းချပေးရေး၊ သတ်မှတ်အရည်အသွေးနှင့်ပြည့်ဝသည့်ဆေးဝါးများသာရောင်းချရေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချရေးတို့ကို ဆွေးနွေးကြကြောင်းသိရသည်။
ဟိုပုံးသား(ပြန်/ဆက်)
အမ်း
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ ကူးစက်ရောဂါ ကာကွယ်၊ ကုသရေး ဆေးဝါးနှင့် ဆေးပစ္စည်းများ အထောက်အကူပြုပစ္စည်းများအား ဈေးကွက်အတွင်း သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေးအတွက် မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ဆေးဝါးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား သြဂုတ် ၁၉ ရက်က ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေး၊ နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချနိုင်ရေးတို့ကို ကြပ်မတ်ဆောင်ရွက်ကြသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ပြည်သူများအနေဖြင့် ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ အားဝယ်ယူသုံးစွဲရာတွင် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့က စစ်ဆေးကြပ်မတ်ဆောင်ရွက်ကြကြောင်းသိရသည်။
(၄၀၈)
လွိုင်ကော်
ကယားပြည်နယ် လွိုင်ကော်မြို့အတွင်းရောင်းချနေသည့် ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်များအား ဈေးကွက်အတွင်း ဈေးနှုန်း အဆမတန် မြှင့်တင်ရောင်းချခြင်းမရှိစေရေးအတွက် ကယားပြည်နယ် ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့သည် သြဂုတ် ၁၉ ရက်နံနက် ၁၀ နာရီမှစ၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်း ဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစန်းဝင်း ဦးဆောင်သည့်အဖွဲ့တို့သည် ယခုကာလတွင် ဈေးကွက်အတွင်း ကူးစက်ရောဂါကာကွယ်၊ ကုသရေး ဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေး၊ ဆေးဆိုင်များအားလုံး နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချရေးနှင့် ဆေးဝါးနှင့် ဆေးပစ္စည်းများကုမ္ပဏီနှင့် ဆေးဆိုင်များမှဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဦးစားပေးကူညီဆောင်ရွက်ပေးရန် မှာကြားကြောင်းသိရသည်။
(၄၀၅)