
အမှန်နှင့်အမှား အမှားနှင့်အမှန်
မြန်မာအဘိဓာန်တွင် အမှန်တရားကို “လွဲမှားခြင်း မရှိသောသဘော” ဟုဖွင့်ဆိုသည်။ အမှန်တရားသည် ကောင်းရာကောင်းကျိုးကိုသာရှေးရှုသည်။ အဆိုး သံသရာနှင့် အပြစ်ပြုခြင်းမှရှောင်လွှဲသည်။ ထိုသဘောမှာ လွဲမှားခြင်းမရှိသော အပြုသဘော ဆောင်သည့် အကောင်းမြင်ခြင်းတစ်ရပ်ဖြစ်သည်။ သို့ရာတွင် ကိုယ်ကျိုးကို ဦးစားပေး တတ်သော လောဘကြီးမားလာသည့်အခါ ကြမ်းတမ်းခက်ထန်လာပြီး အမှန်ကို အမှားထင်၊ အမှားကိုအမှန်ထင်သော အမိုက်မှောင် ပိတ်မှောင်ခြင်းတို့ လွှမ်းမိုးနေသည် မှာလည်း လူ့သဘာဝ၊ လူ့သဘောတစ်ခုပင်ဖြစ်သည်။
မြန်မာမှုတွင် “ကိုယ်ထင်ရင်ခုတင်ရွှေနန်း”ဟူသော ဆိုရိုးတစ်ရပ်ရှိသည်။ ထိုအယူအဆမှာ အေးချမ်းသည့်အသွင် ခြိုးခြံချွေတာသည့်အခြင်းအရာဖြစ်သည်။ မည်သူ့ကိုမျှ မထိခိုက် သဖြင့် လူတစ်ကိုယ်စာအတွက် အမှန်တရားဖြစ်သည်။ ခုတင်အိပ်ရာပင် ဖြစ်သော်လည်း ရွှေနန်းမဖြစ်ရ ကောင်းလားဟုယူဆမိလျှင် အလုပ်အကိုင်မှားယွင်းကာ အဆိုးဘက်သို့ ဦးတည်ပြီး ရလဒ်မကောင်းဖြစ်တတ်ပုံကို သတိချပ်သင့်လှသည်။ ဆိုလိုသည်မှာ လူတို့၏ စိတ်ဆန္ဒမှာ အမျိုးမျိုးအဖုံဖုံ ကွဲပြားခြားနားတတ်သော သဘောရှိပြီး ထိုစိတ်ဆန္ဒ၏ စေစားမှုအပေါ် မူတည်လျက် အမှားပြုတတ်သလို အမှန်တရားကိုမမြင်မချင်း လွဲမှား နေမြဲပင် ဖြစ်သည်။
လူသားတိုင်းသည် သိတတ်စအရွယ်မှစ၍ လေ့လာမှုဖြင့်စတင်ပြီး လေ့လာမှုဖြင့်သာ ဘဝဆုံးကြရမြဲဖြစ်သည်။ ဘဝတစ်ခုဆုံးပါးသွားသည့်တိုင် လေ့လာမှုပြီးဆုံးသွားသူ ဟူ၍ မရှိပေ။ လူတို့၏ လေ့လာမှုမှတစ်ဆင့် အတွေ့အကြုံနှင့်ဗဟုသုတရသည်။ ထို အတွေ့အကြုံ ဗဟုသုတကို အခြေပြုလျက် အတွေးအမြင် ယုံကြည်ရာများ ဖြစ်ပေါ်သည်။ အတွေးအမြင်မှတစ်ဆင့် အပြော၊ အပြောမှတစ်ဆင့်အလုပ်၊ အလုပ်မှတစ်ဆင့် ကိုယ်ကျင့် တရားနှင့် အမူအကျင့်များ ဖြစ်လာသည်။ ထိုအမူအကျင့်သည် လူ့ဘဝတန်ဖိုးကို သတ်မှတ်ပေးသလို အမှားအမှန်ကို ပိုင်းဖြတ်ပေးသည်။ ထို့ကြောင့် လူတို့၏ လေ့လာ မှတ်သားခြင်း၊ အတွေ့အကြုံနှင့်ဗဟုသုတရရှိခြင်း ကွဲပြားခြားနားသလို လူတို့၏ ယုံကြည်ရာနှင့် လုပ်ဆောင်ချက်များ ကွဲပြားခြားနားသွားကြောင်း တွေ့ရသည်။ ထိုကွဲပြားမှုကပင် အမှန်နှင့်အမှားကို ဖြစ်ပေါ်စေလျက် လူ့ဘောင်လောက အကျိုး ရှိခြင်းနှင့် အကျိုးမဲ့ခြင်း တို့ကိုဖြစ်ပေါ်စေသည်။
လူသည်မှားတတ်သည်။ အမှားကင်းသူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိနိုင်ပေ။ သို့သော် အမှားကိုအမှားမှန်းသိပြီး အမှန်သို့ရောက်အောင် ဆောလျင်စွာ ပြုပြင်တတ်ရေး လိုအပ်သလို ထပ်ကာထပ်ကာအမှား ကျူးလွန်ခြင်းမရှိရအောင် ထိန်းသိမ်းသင့်သည်။ အမှားပြု ပါများလျှင် ထိုအမှားကိုပင် အမှန်ထင်တတ်သူများ လည်းရှိသည်။ ထိုသူများ သည် ငါဟူသောအတ္တနှင့်မာန ကို တံခွန်လွှင့်ထားတတ်ကြပြီး ထင်ရာစိုင်းတတ်သော သဘောရှိသည်။ ပင်ကိုဗီဇအရသော်လည်းကောင်း၊ ပတ်ဝန်းကျင်၏ စေ့ဆော်ချက်အရ သော်လည်းကောင်း၊ စဉ်းစားဆင်ခြင်ဉာဏ် နည်းပါးသဖြင့်သော်လည်းကောင်း ထိုသို့သော အမှားများကို အလွယ်တကူပြုကျင့်တတ်သည်။ ထိုအရေးအရာသည် လူ့ဘောင်လောက အတွက် အလွန်အန္တရာယ်ကြီးသည်။ မည်မျှပင်ဆိုးရွား ရက်စက်ပြီး အမှားပြုကျင့် နေပါစေ အခြေအနေတစ်ရပ်ကြောင့် အမှားမြင်ပြီး အမှန်သို့ရောက်အောင် ပြန်လည်ပြုပြင် တတ်သူများလည်းရှိသည်။ ထိုသူများသည် “အမှားမြင်၍ အမှန်ပြန်ပြင်ခြင်းသည် နောက်ကျရိုးထုံးစံမရှိ” ဟူသော စကားရပ်ကို လက်တွေ့ အကောင်အထည်ဖော်တတ် သူများဖြစ်သည်။
လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အဆိုတစ်ရပ်ကို ဖတ်ရှုခဲ့ရသည်။ ထိုအဆိုမှာ “လူတို့သည် ကိုယ်မှန်သည်ထင်လျှင် မှန်၍၊ မှားသည်ထင်လျှင်အမှားဟုသတ်မှတ် ကြသဖြင့် လောကတွင် အမှန်၊ အမှားသည် ပြဿနာ တစ်ရပ်မဟုတ်တော့ချေ” ဟူ၍ဖြစ်သည်။ သာမန် အပေါ်ယံအမြင်အရ ထိုအဆိုမှာ မှန်ကောင်းမှန်မည် ဖြစ်သော်လည်း အမှန်၊ အမှား၏အနှစ်သာရမှာ ထိုမျှလောက်နှင့်မရနိုင်ပေ။ လောကသစ္စာဟူသော လောက၏ အမှန်တရားမှာ အမှန်တကယ်တည်ရှိ နေပြီးဖြစ်သည့်အတွက် အလွန်ညင်သာ သိမ်မွေ့ သော အမှန်တရားကိုမူ သာမန်လူသားတို့မသိမမြင်နိုင်သည် အထိ လေးနက်မှုရှိသည်။ တွေးခေါ်မြော်မြင်တတ်သော အသိဉာဏ် ပြည့်စုံကြွယ်ဝသူတို့သာလျှင် အမှန်တရား၏ လေးနက်မှုကို ထိုးထွင်းသိမြင်နိုင်ကြသည်။ ဥဒါဟရုဏ်အနေဖြင့် လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အမှန်တရားများကို မြတ်စွာဘုရားရှင်တော်မြတ် ကိုယ်တော်တိုင် ဟောကြားထားခြင်းပင်ဖြစ်သည်။
ယုံကြည်ရာတစ်ခုအတွက် အသက်ကိုပင်စတေးရဲ သည်ဟုဆိုကြသည်။ ယုံကြည်ရာဟု ဆိုရာ၌ အမှန်တရားကိုမြတ်နိုးပြီး မှန်ကန်သည့်ယုံကြည်ချက်ဖြစ်ဖို့လိုသည်။ အမှား၌ ယုံကြည်လျက်အမှားအတွက် အသက်ကိုပင် စတေးရဲခြင်းသည် ယုံကြည်သူအတွက် သာမက ပတ်ဝန်းကျင်ကိုပင် ထိခိုက်နစ်နာမှုများစွာဖြစ်ပေါ်စေသည်။ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ယုံကြည်ချက်မှာ နိုင်ငံတော်နှင့် အမျိုးဘာသာသာသနာ ကောင်းစားရေးအတွက် အသက်ကိုပင်စတေးခဲ့သည်အထိ မှန်ကန်မှုလမ်းကြောင်းပေါ်၌ ရပ်တည်ခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်၏ဂုဏ်သတင်းမှာ နိုင်ငံအတွင်းသာမက ကမ္ဘာ၌ပင် ကျော်ကြားသည်။
မြန်မာမှုအစဉ်အလာအရ ယနေ့ထိတိုင် မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းကို အကျိုးပြု လျက်ရှိသော ဓလေ့ထုံးတမ်းနှင့် ကျင့်ဝတ်စည်းကမ်းများရှိသည်။ ထိုအတိုင်း လိုက်နာ ပြုကျင့်ခြင်းသည် မှန်ကန်သောလုပ်ရပ်ဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းရာ ရောက်သည်။ ထိုနည်းတူစွာ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုလည်း မြှင့်တင်ရာရောက်သည်။ ပို၍အရေးကြီးသည်မှာ ထုတ်ပြန်ထားပြီးဖြစ်သော ဥပဒေများကို လေးစား လိုက်နာတတ် ခြင်းဖြစ်ပြီး ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်နေသမျှ ဥပဒေဘက်တော်သားအဖြစ် မှန်ကန်သည့်ဘက်မှ အမြဲရပ်တည်နေမည်ဖြစ်သည်။
ဥပဒေနှင့်ဆန့်ကျင်သော လုပ်ရပ်မှန်သမျှသည် မှားယွင်းသော လုပ်ရပ်သာဖြစ်ပြီး အကျိုးဆက်အရ ဥပဒေဖောက်ဖျက်ကျူးလွန်မှုအတွက် အရေးယူအပြစ်ပေးခံရမည်ပင် ဖြစ်သည်။ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ထုတ်ပြန်ပြီးဖြစ်သော ဥပဒေအရပ်ရပ်၏ အခေါင်အချုပ် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော် အချုပ်အခြာအာဏာပိုင်စိုးမှု၏ သင်္ကေတလည်းဖြစ်သည်။ ဥပဒေအရ နိုင်ငံသားအားလုံး အခွင့်အရေးရရှိပြီး ဖြစ်သလို တာဝန်များလည်းပေးအပ်ထားသည်။ ဒီမိုကရေစီ အနှစ်သာရနှင့် ပြည့်ဝလျက် နိုင်ငံတော်နှင့်ပြည်သူ တို့၏အကျိုးစီးပွားကို အပြည့်အဝ ဖော်ဆောင်သည်။ ထို့ကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ လိုက်နာကျင့်ကြံခြင်းသည် နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို အလေးထားခြင်းဖြစ်သဖြင့် မွန်မြတ်သောကျင့်စဉ်၊ တစ်နည်းဆိုသော် အမျိုးသားရေးသစ္စာ အမှန်တရား ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင်ပြုလုပ်သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့ကြောင်း တပ်မတော်ကစစ်ဆေးတွေ့ရှိသည်။ မဲမသမာမှုများကို ဖြေရှင်းပေးရန်တောင်းဆိုချက်ကို လျစ်လျူရှုခြင်း၊ စစ်ဘက်၊ အရပ်ဘက် လွှတ်တော် ကိုယ်စားလှယ် ၂၀၃ ဦးတို့က ပြည်ထောင်စုလွှတ်တော် အထူးအစည်း အဝေးခေါ်ယူရန် တင်ပြချက်အား ငြင်းဆန်ခြင်း၊ သမ္မတဦးစီးသည့် အရပ်ဘက်၊ စစ်ဘက် အားလုံးကိုကိုယ်စားပြုသော “အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီ” အစည်းအဝေးခေါ်ယူ၍ တွေ့ဆုံဆွေးနွေးရန်တင်ပြခဲ့ခြင်းကို မျက်ကွယ်ပြုခြင်းတို့ပြုခဲ့ သည့်အပြင် လွှတ်တော်အသီးသီးအားခေါ်ယူ၍ အစိုးရဖွဲ့ရန်ကြိုးစားအားထုတ်ခဲ့သည်။ ထိုသို့ကြိုးစားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀(ဂ)နှင့် ပုဒ်မ ၄၁၇ ပါ “နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ဆောင်ရွက်ခြင်း” ဖြစ်သလို နိုင်ငံတော်တွင် အကြီးမားဆုံးသော အဓမ္မမှု၊ အကြီးကျယ်ဆုံးသောအမှားကျူးလွန်မှုပင် ဖြစ်သည်။
ထို့ကြောင့် တပ်မတော်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပေးအပ်ချက်အရ နိုင်ငံတော်ကို တာဝန်ယူကာကွယ်ထိန်းသိမ်းခဲ့ရသည်။ ထိုအခြေအနေကို လက်ခံနိုင်စွမ်းမရှိသော NLD ပါတီဝင်များနှင့် ယင်းပါတီကို ထောက်ခံသူများက ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ အစပိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ခဲ့ကြသော်လည်း တစ်စထက်တစ်စ ဆူပူအုံကြွမှု၊ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်မှုများ သာမက လက်နက်ကိုင်အကြမ်းဖက်မှု အဆင့်အထိသို့ ရောက်ရှိလာကြောင်းတွေ့ရသည်။ ဖြစ်စဉ်များကို လေ့လာကြည့်သော် စိတ်ခံစားချက်ကိုဦးစားပေးမှု၊ ပုဂ္ဂိုလ်ရေးအစွန်းရောက် ကိုးကွယ်မှု၊ နှစ်ဖက်အမြင်ပပျောက်ပြီး တစ်ဖက်သတ်ကျဉ်းမြောင်းသောအမြင်ရှိမှုနှင့် ငွေကြေး လာဘ်လာဘ လက်ခံဆောင်ရွက်မှုများကြောင့် ထိုအဆင့် အထိ ရောက်သွားကြောင်း တွေ့ရသည်။ ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ ကို အလေးမထားဘဲ ပြစ်မှုကျူးလွန်ရာမှ စတင်ခဲ့သည့်အမှားများသည် အမှားပေါ်အမှားဆင့်ရင်း အမှားနွံနစ် ခဲ့ကြသဖြင့် ထိုအမှားများ၏ဒဏ်ကို ငြိမ်းချမ်းစွာနေထိုင်သော ပြည်သူလူထုအားလုံးက ခံစားခဲ့ကြရသည်။
အချုပ်အားဖြင့်ဆိုရသော် မည်သည့်ကိစ္စရပ်မျိုးတွင် မဆို ဝေဖန်ပိုင်းခြားတတ်သော ဆင်ခြင်တုံတရားပြည့်၀သည့် အသိဉာဏ်ပညာပြည့်ဝကြမှသာ အမှားနှင့်အမှန်၊ အမှန်နှင့်အမှားကို ခွဲခြားတတ်မည်ဖြစ်သည်။ သူ့ဘက် ကိုယ့်ဘက် နှစ်ဖက်မြင်တတ်မှ အမှားအမှန်ကိုခွဲခြား သိမြင်နိုင်သည်။ ကိုယ့်အတွက်အကျိုးရှိသော်လည်း အများက နစ်နာလျှင် မှားသည်။ ကိုယ့်အတွက်ရော အများအတွက်ပါထိခိုက်နစ်နာလျှင် ပို၍မှားသည်။ မိမိလည်းအကျိုးရှိ၊ အများလည်းအကျိုးရှိသော အမှုကိစ္စများမှာ မလွဲသော လောကသစ္စာ အမှန်တရားပင်ဖြစ်သည့်အတွက် အကောင်းအဆိုး၊ အကျိုးအပြစ်ကို ဝေဖန်ပိုင်းခြား၍ အမှားကင်းပြီး အမှန်ရောက် အောင်ကြိုးစားအားထုတ်သင့်ကြောင်း ရေးသားလိုက်ရပါသည်။ ။