အရိုးပွခြင်းနှင့်ခန္ဓာသန်စွမ်းမှု

အရိုးပွခြင်း၊ အဆစ်အမျက်ကိုက်ခြင်း၊ အရိုးကျိုးလွယ်ခြင်းတို့ဟာ အသက်ကြီးလာရင်ဖြစ်တတ်ပေမယ့် အမျိုးသမီးကြီးတွေ မီးယပ် သွေးဆုံးပြီးချိန်အဖြစ်များတတ်ပါတယ်။  တကယ်ဆိုရင်  အရိုးတစ်သျှူး(Tissue)ဟာ  ခန္ဓာကိုယ်တွင်း အမာဆုံးဖြစ်သလို သက်ရှိ တစ်သျှူးလည်းဖြစ်တယ်။ သက်ရှိတစ်သျှူးဆိုတာ ခန္ဓာကိုယ်မှအာဟာရရယူခြင်း အသွင်ပြောင်းလဲခြင်း၊ အစားထိုးခြင်း စတာ တွေရှိနေတယ်။ အရိုးဖြစ်ပေါ်စေတဲ့ ဆဲလ် (Cells) နဲ့ ပျက်စီးသွားတဲ့ ဆဲလ်နှစ်ခုတို့ဟာ အချိုးညီညီမဖြစ်တော့ဘဲ (Osteoclast) များလာကာ၊ (Osteoclast) က နည်းလာမယ်ဆိုရင် အရိုးပွခြင်းဖြစ်လာတယ်။ အရိုးပွခြင်းမှာ ရောဂါလက္ခဏာမပြဘူး။ ပိုးလေး ဖက်နာ သို့မဟုတ် သွေးလေးဖက်နာမှာ အဆစ်တွေရောင်မယ်၊ နာမယ်၊ မောပန်းလွယ်မယ်။ အရိုးပွရောဂါမှာ အပြင်ပန်းကြည့်ရင် ပုံမှန်အတိုင်းရှိတယ်။ အရိုးကျိုးစေတဲ့ အကြောင်းရင်း ပြင်းပြင်းထန်ထန်မရှိနိုင်ဘဲ အရိုးကျိုးလွယ်တာဟာ အရိုးပွခြင်းရဲ့ လက္ခဏာပဲ ဖြစ်တယ်။

အမျိုးသမီးတွေ မီးယပ်ဆုံးချိန်အီစတြိုဂျင် (Oetrogen) ဟော်မုန်းနည်းသွားလို့ စောစောစီးစီးအသက် ၄၅ နှစ်မတိုင်မီ အမျိုး သမီးများ သားအိမ်ဖယ်ရှားလိုက်ရတဲ့  အမျိုးသမီးဓမ္မတာမလာတာ ခြောက်လကိုးလနဲ့ အထက်ရှိသူတွေ၊ ယောက်ျားတွေမှာ တက်စတိုစတြုန်း နည်းသွားခြင်း ဥပမာ အရက်အလွန် အကျွံသောက်ခြင်း၊  ဝှေးစေ့နဲ့ရောဂါရှိခြင်းတို့မှာ ဟော်မုန်းအထွက်နည်းစေတယ်။ အမျိုးသမီး ရော အမျိုးသားပါဖြစ်နိုင်တဲ့အကြောင်းရင်းက စတီးရွိုက် (Steroid) အချိန်ကြာကြာသောက်နေရသူတွေ၊ မိသားစုမှာ အရိုးပွ ရောဂါရှိခဲ့ဖူးသူ၊ အချိန်ကြာကြာ မလှုပ်ရှားဘဲနေသူ၊ အရက်နဲ့ဆေးလိပ်ကို အလွန်အကျွံသောက်သူတွေ၊ ခန္ဓာကိုယ်အလေးချိန် အရပ်အချိုးမကျမှု (BMI) များသူတွေမှာတွေ့ရတယ်။ အရိုးပွရောဂါက ကာကွယ်ကုသခြင်းအဆင့်(၃)ဆင့်ပါဝင်ပါတယ်။

(၁) ပထမအဆင့်ကာကွယ်ခြင်းမှာ ရောဂါမဖြစ်ခင် ကာကွယ်ခြင်းမှာ လူထုကိုကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးရမှာဖြစ်တယ်။ ကျောင်းနေအရွယ်ကတည်းက စားသောက်မှုပုံစံနဲ့ နေထိုင်မှုပုံစံကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေကို လုပ်ဖို့အသိပညာ ပေးရမယ့်အပြင် မလုပ်ရင်ရလာမယ့် ဆိုးကျိုးကိုသေချာစွာ ရှင်းပြထားဖို့ ခန္ဓာကိုယ်သန်စွမ်းဆေးပညာရှင်တို့လိုအပ်ပါတယ်။ နောက်တစ်ခုက လက်ကမ်းစာစောင်တွေဝေကာ၊ ကွန်ဖရင့်လုပ်ကာ အသိပညာပေးတာမျိုးလုပ်ရမယ်။ အခုလိုကြိုတင်ကျန်းမာရေး အသိပညာပေး မှုဟာ ဖြစ်ပေါ်လာမယ့်ရောဂါဝေဒနာကို နှောင့်နှေးနိုင်သမျှ နှောင့်နှေးအောင် နည်းနိုင်သမျှ နည်းအောင် ထိန်းထားနိုင်ရုံမက ရောဂါခံစားရတာဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ငွေကြေးကုန်ကျမှုလည်း သက်သာစေနိုင် တယ်။

(၂)ဒုတိယအဆင့်ကာကွယ်နည်းမှာ ရောဂါစတင်ဖြစ်ချိန်ရောဂါပိုပြီးဆိုးမလာအောင် အရိုး၏သိပ်သည်းဆ(BMD) ပိုပြီးကျမလာ အောင် ထိန်းထားရမယ်။ အစားအသောက်နည်း (Diet) နဲ့ လေ့ကျင့်ခန်း (Exercise)လုပ်ခြင်းနဲ့ထိန်းထားနိုင်တယ်။ ဘဝနေထိုင်မှု ပြောင်းလဲယူရမယ်။ ဥပမာနေ့စဉ်နာရီဝက်မှ တစ်နာရီလမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ပြေးခြင်း စတာတွေ နေ့စဉ် လုပ်ပေးရပါမယ်။

(၃) တတိယအဆင့် ကာကွယ်နည်းမှာ ရောဂါဖြစ်ပြီးနောက်ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေတစ်ခုပြီး တစ်ခုဖြစ်မလာအောင် ကာကွယ်ခြင်းဖြစ်တယ်။ လူတစ်ယောက်က အရိုးပွရောဂါဖြစ်လို့သူရဲ့ ပေါင်ထိပ်ရိုးကျိုးတယ်။ ယင်းကိုကုလိုက်လို့ ပျောက်သွားပေ မယ့် နောက်နှစ်လအတွင်းမှာ  နောက်ထပ်တစ်နေရာကျိုးသွားနိုင်လို့ ကြိုတင်ကာကွယ်ရမယ်။ အရိုးပွရောဂါဟာ သက်ကြီးရွယ်အိုမှာ ဖြစ်တာများတယ်။ သက်ကြီးရွယ်အိုတွေ ခန္ဓာကိုယ်ဟန်ချက်ညီအောင်၊ တည်ငြိမ်အောင် မထိန်းထားနိုင်တဲ့အတွက် လဲကျတာပဲဖြစ် တယ်။ လဲကျရင်အရိုးကျိုးတယ်။  လဲကျစေနိုင်တဲ့ပြဿနာ (Risk Factor for falling Problem) ကိုအရင်ဆုံး ပြုပြင်ကာကွယ်ရမှာ ဖြစ်တယ်။ မျက်စိမှုန်လို့ ချော်လဲတာဆိုရင် မျက်မှန်တပ်ခိုင်းရမယ်။ ကြွက်သားတွေအားနည်းလို့ ဟန်ချက်ညီအောင်မနိုင်လို့လဲတာ ဆိုရင် အရိုးသန်မာစေတဲ့လေ့ကျင့်ခန်းတွေလုပ်ခိုင်းရမယ်။ နေ့စဉ် မချော်လဲအောင် အခုအခံ (barrier free) တွေ၊ ရေချိုးခန်း၊ အိမ်သာ တွေမှာ လက်ရန်းတွေတပ်ထားတာမျိုး လုပ်ထားပေးသင့်ပါတယ်။

အရိုးပွရောဂါကို ခန္ဓာကိုယ်သန်စွမ်းမှုနည်းပညာ(Physiotherapy)နဲ့ ကုသနိုင်ပါတယ်။ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်စီဖြည့်စွက် အာဟာရစားသုံးခြင်းပြုလုပ်နိုင်ပါတယ်။ အသက် ၅၀-၇၀ မှာ ကယ်လ်ဆီယမ် ၁၂၀၀-၁၅၀၀  မီလီဂရမ်နှင့် ဗီတာမင်ဒီ ၈၀၀-၁၀၀ အိုင်ယူတို့ ပါဝင်တဲ့အားဆေးကျွေးတယ်။ အသက် ၇၀ နဲ့အထက်မှာ  ကယ်လ်ဆီယမ် ၁၂၀၀ မီလီဂရမ်နှင့် ဗီတာမင်ဒီ ၂၈၀၀ အိုင်ယူကျွေးဖို့လိုပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေမှာ အသက် ၁၈ နှစ်အရွယ်နေ့စဉ် ကယ်လ်ဆီယမ် ၁၃၀၀ မီလီဂရမ်နဲ့ ဗီတာမင်ဒီ၂၀၀ အိုင်ယူကျွေးဖို့ လိုတယ်။  အသက် ၁၉-၅၀ အတွင်း ကယ်လ်ဆီယမ်  ၁၀၀၀  မီလီဂရမ်နဲ့၊ ဗီတာမင်ဒီ၂၀၀ အိုင်ယူကျွေးဖို့လိုအပ်မှာဖြစ်ပါတယ်။ ကယ်လ်ဆီယမ်ပါဝင်တဲ့ အာဟာရဓာတ်၊ Diatary (Calium)၊ ကယ်လ်ဆီယမ်ဟာ အရိုးပွမှုဖြစ်စဉ်ကို နှောင့်နှေးနိုင်သလို အရိုးကို သန်မာစေတယ်။ ကယ်လ်ဆီယမ်ဓာတ်ကိုရရှိနိုင်တဲ့  အကောင်းဆုံး အရင်းအမြစ်က အစားအသောက်ပဲဖြစ်တယ်။ နို့နဲ့နို့ထွက်ပစ္စည်း ဒိန်ခဲ၊ နို့ချဉ်၊ ဆော်လမွန်ငါး၊ ငါးသေတ္တာငါး(sardines) နဲ့ အစိမ်းရောင်အသီးအရွက်၊ ပဲအမျိုးမျိုးတို့ စားသုံးနိုင်ပါတယ်။ ပရိုတိန်း (Protain) အသားဓာတ်တွေ လုံလောက်စွာစားသုံးဖို့လိုတယ်။ ဗီတာမင်ဒီကို ရရှိဖို့နေပူစာလှုံပေးမယ်။

လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ အရိုးရဲ့သိပ်သည်းဆကို ထိန်းကျောင်းပေးနိုင်သလို ကြွက်သားရဲ့ သန်မာမှုကိုကောင်းစေတယ်။ နေ့စဉ် လေ့ကျင့်ခန်းနာရီဝက်မှ တစ်နာရီလမ်းလျှောက်၊ အပြေး၊ ရေကူး၊ စက်ဘီးစီးလုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အသက်ကြီးလို့ပျက်စီးလာနိုင်တဲ့ အဆစ်နာ၊ ခါးနာ၊ဒူးနာရောဂါတွေကို မဖြစ်လာအောင် ကြိုတင်ကာကွယ်ပြီးဖြစ်တယ်။ လေ့ကျင့်ခန်း ကိုပုံမှန်နဲ့ ဖြည်းဖြည်းမှန်မှန် လုပ်ပေးဖို့လိုတယ်။ ကုသနည်းဆိုင်ရာ လေ့ကျင့်ခန်း(Therapactic exercise) ကို ကျွမ်းကျင်သူ (Physiotherapist)ရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဖို့လိုပါတယ်။ ဆောင်ရန်၊ ရှောင်ရန်မှာ ဆေးလိပ်၊ အရက်၊ ကွမ်း ရပ်ပစ်ရမယ်။  အရက်ကိုမသောက်မနေနိုင်အစား အသင့်အတင့်သောက်သင့်တယ်။ ဖြတ်နိုင်ရင်ကောင်းတယ်။ ကော်ဖီအလွန် အကျွံ သောက်ခြင်း ရှောင်ရမယ်။ တစ်နေ့ကဖိန်းလေးခွက်ထက် ပိုမသောက်သင့်ဘူး။

အမြှုပ်တစီစီထွက်တဲ့ဘီယာ၊ အအေးဘူးကို အလွန်အကျွံမသောက်သင့်ပါဘူး။ တာရှည်ခံအောင်ထားဖို့အတွက် သုံးထားတဲ့ ကာဗွန်နိတ် (Carbonate) ကြောင့်အရိုးက ကယ်လ်ဆီယမ်စုပ်ယူမှုကိုလျော့နည်းစေတယ်။ နောက် ဘဝနေထိုင်မှုပုံစံ (life Style Modification) လုပ်ရမယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အပြုအမူ၊ အနေအထိုင်တတ်နိုင်သမျှ ပြုလုပ်ပေးသင့်ပါတယ်။

ဥပမာ လမ်းလျှောက်ခြင်းကို မှတ်တိုင်နှစ်မှတ်တိုင်ကို ကားမစီးဘဲလမ်းလျှောက်သွားသင့်တယ်။ ဓာတ်လှေကားတွေသုံးမယ့်အစား၊  ရိုးရိုးလှေကားတက်သင့်တယ်။  ဟော်မုန်းအားဆေးတွေအရမ်းအသုံးပြုခြင်း ရှောင်ကြဉ်သင့်တယ်။  အရိုးပွစေတဲ့အကြောင်းရင်း တွေကို တတ်နိုင်သမျှနည်းအောင်ထိန်းသိမ်းရမယ်။    ။

ဒေါက်တာလွင်သန့်