အရေးကြီးပြီ သွေးစည်းကြစို့

 

ယမန်နေ့မှအဆက်

တော်ကြာမေ့လောက်ပြီဆိုရင် တစ်နေရာမှာ အလစ်ဝင်တွယ်သွားကြပြန်ရော။   ဒီမှာအရေးကြီးတာက လမ်းပန်းဆက်သွယ်ရေးပဲ။ တကယ်လို့ စင်ရော်လမ်းမကြီးသာ တစ်ဖြောင့်တည်းဖြူးနေမယ်ဆိုရင် ကျွန်တော်တို့အဖို့ ဘယ်လောက်လွယ်မလဲ။ သွားရလာရလည်း လွယ်မယ်။စခန်းချရလို့လည်း လွယ်မယ်။ တပ်အပြောင်းအရွှေ့လည်း လွယ်မယ်။ ဥပမာ စင်ရော်နဲ့ သောင်ဦးကြားမှာ သောင်းကျန်းသူတွေ ထင်တိုင်းခြယ်လှယ်နေကြတယ်။ တပ်မချလို့ မဖြစ်ဘူး။ အရင်က တပ်စိတ်တစ်စိတ်နဲ့ ထားခဲ့တဲ့ နေရာတွေမှာ တပ်ခွဲတစ်ခွဲပို့မှ ဖြစ်တော့မယ်။ အဲဒီတော့ ကျွန်တော်တို့ စင်ရော်ချောင်းကို ဖြတ်ပြီးပို့ရတယ်။ တပ်ခွဲတစ်ခွဲချောင်းဖြတ်ဖို့ လေးနာရီ တိတိကြာတယ်။ ဒါဟာ အရေးတကြီး အချိန်အခါမဟုတ်သေးလို့ပေါ့။ ဒါ ကျွန်တော်တို့ ကိုယ်တွေ့ပြောတာပါ။ ပြီးတော့ ကားလမ်းရှိတဲ့ နေရာတွေမှာ ကျွန်တော်တို့ တပ်တွေဟာ အချိန်မှန်တဲ့ မီးရထားကို ဘယ်တော့မှ အားမကိုးဘူး။ မီးရထားက အချိန်မှန်တယ်။ ကျွန်တော်တို့ အရေးကိစ္စတွေက အချိန်မမှန်ဘူး။ ဘူတာရုံက ရုံပိုင်ကို သွားနှိုးပြီး စင်ရော်အရောက် မီးရထားနဲ့ ပို့ပေးပါလို့ ပြောလို့ရတာမှ မဟုတ်ဘဲ။

နောက်တစ်ချက်က ကျွန်တော်တို့ မြန်မာပြည်ရဲ့ နယ်နိမိတ်ဟာ စင်ရော်ရိုးမနဲ့ အရှေ့ဘက်မှာရှိတယ်။

စင်ရော်ရိုးမကျော်လိုက်ရင် အောင်နိုင်ပြည်ကို ရောက်မယ်။ တချို့ သောင်းကျန်းသူတွေဟာ ရိုးမကျော်ပြီး အောင်နိုင်ဘက်ကို သွားခိုလှုံနေကြတယ်။ အဲဒီဘက်အထိ ကျွန်တော်တို့ မလိုက်နိုင်သေးဘူး။ တောတောင် ရေမြေအခြေအနေကြောင့် စင်ရော်ရိုးမကို ကျော်ပြီး အစောင့်အနေ မထားနိုင်သေးဘူး။ တကယ်ဆိုတော့ နယ်စပ်မှာကို ကျွန်တော်တို့ နယ်ခြားစောင့်တပ်တွေ ချထားနိုင်ရမယ်။ အရေးအကြောင်းတဲ့ဆိုရင် ခုလို လမ်းပန်းဆက်သွယ်ရေး အခြေအနေမကောင်းတာနဲ့မခက်ပါလား။

''အခုဆိုရင် ကျွန်တော်တို့ဆီက ပစ္စည်းအမျိုးမျိုး ခိုးထုတ်နေတဲ့ ဂိုဏ်းတွေအများအပြားပဲ ရှိလာပြီ။ နွားခိုးဂိုဏ်း၊ သစ်ခိုးဂိုဏ်း၊ ငါးခိုးဂိုဏ်း၊ ခဲခိုးဂိုဏ်းအစုံပဲ။

ဟိုဘက်ကလည်း ကျွန်တော်တို့ဆီကို ရွှေချောင်းကအစရော်ဘာဖိနပ်အထိ ပစ္စည်းအမျိုးမျိုး ခိုးသွင်းနေကြတယ်။

ဒါတွေကို တားဆီးရမယ်၊ ကာကွယ်ရမယ်၊ ပြီးတော့ အဲဒီပစ္စည်းခိုးဂိုဏ်းတွေနဲ့ သောင်းကျန်းသူတွေဟာလည်း အဆက်အသွယ်အမျိုးမျိုး၊ နားလည်မှု အမျိုးမျိုးနဲ့ ဆက်ဆံနေကြတယ်။ ပြီးတော့...''

ဂျပန်ခေတ်တွင် အောင်နိုင်-မြန်မာမီးရထား လမ်းတစ်ခုကို ဂျပန်စစ်တပ်က ဖောက်သည်။ ထိုလမ်းသည်စခန်းသစ်မှ စသည်။ ယင်းကို ငရဲလမ်းဟု ခေါ်ကြသည်။ ယင်းအတွက် ချွေးတပ်ဆွဲသည်။ အလုပ်သမားတွ ေသေကြကျေကြသည်။ အနာရောဂါရကြသည်။

ထိုမီးရထားလမ်းအတွက် ရန်ကုန်-မန္တလေးဒွေးလမ်းမှ သံလမ်းများကို ဖြုတ်ယူသွားသည်။   ယခုကား အောင်နိုင်-မြန်မာနယ်စပ်တွင် ထိုငရဲလမ်းဟောင်းနေရာ၌ သံလမ်းများ မရှိတော့ပြီ။ ဖြုတ်၍ အောင်နိုင်ဘက်ကို ရောင်းကြသည်။

မီးရထားသံလမ်းနေရာတွင် တောကြီးဖြစ်နေသည်။

အောင်နိုင်ဘက်မှ ကားများ ဥဒဟို ဝင်ထွက်သွားလာကာ အဖိုးတန်သစ်များကို ခိုး၍ ခုတ်ကြသည်။ ခိုး၍ထုတ်ကြသည်။

''ပြီးတော့ အောင်နိုင်ဆိုတာကလည်း ပွဲတိုင်းကျော် ငပွကြီးနဲ့ လင်မယားလိုဖြစ်နေတာ။ ဒီတော့ အောင်နိုင်ဟာ ငပွကြီးနဲ့ပေါင်းမိရင်...''

အစည်းအဝေးတက်သူ အချို့က ထိုစကားကို ကြားလျှင် နှာခေါင်းရှုံ့ကြသည်။ သို့သော် သိသိသာသာ နှာခေါင်းမရှုံ့ရဲကြ။ သူတို့အနက် အချို့သည် အနောက်တိုင်းကို အထင်ကြီးသူများဖြစ်ကြသည်။ ငပွကြီးကို ပို၍အထင်ကြီးကြသည်။ ငပွကြီးကား ချမ်းသာသော နိုင်ငံဖြစ်သည်။ မြန်မာပြည်လို တိုင်းငယ်ပြည်ငယ်ကလေးကို ဒေါ်လာနှင့်ချိန်စက်၍ ဝယ်နိုင်သည်။ ကမ္ဘာတွင် အချမ်းသာဆုံး ချစ်တီးကြီးဖြစ်သည်။ ငပွကြီးက ထောက်ပံ့သော် မြန်မာပြည်ကြီးသည် နေ့ချင်းညချင်း ပဒေသာပင်ပေါက်လာလိမ့်မည်ဟု အထင်ရှိနေသူအချို့ ထိုပရိသတ်ထဲတွင် ရှိနေသည်။ ဟိုတုန်းက ဦးနုက လက်ဝဲသမားများအား အမေကျော် ဒွေးတော်လွမ်းသူများဟု ကင်ပွန်းတပ်ခဲ့သည်။ ယခုမြန်မာပြည်တွင် အမေကျော် ဒွေးတော်လွမ်းချင်သည့် လက်ယာသမားများခေါင်းပြူနေကြသည်။

''ဒီတော့ အောင်နိုင်ဟာ  ငပွကြီးနဲ့ပေါင်းမိရင် အနည်းဆုံးဘဝင်တော့ ကိုင်မှာပဲ''အရာရှိသည် စိတ်ထဲရှိသမျှကို မပြော။ ''အနည်းဆုံး ဘဝင်တော့ ကိုင်မှာပဲ''ဟူ၍သာ လျှောချလိုက်သည်။ သူ့တွင် နိုင်ငံခြား တိုင်းပြည်တစ်ပြည်နှင့် ဆက်စပ်နေသော အရေးအခင်းတစ်စုံတစ်ခုအတွက် ပြောဆိုပိုင်ခွင့်မရှိမှန်း သူနားလည်သည်။

''တိုတိုပြောရမယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေးဟာ အလွန်အရေးကြီးပါတယ်။ စင်ရော်လမ်းမကြီးမှာ တားဆီးနေတဲ့ စင်ရော်ချောင်းကိုဖြတ်ပြီး တံတားဆောက်ဖို့ အရေးကြီးပါတယ်။ ဒါဟာလည်း မရှိမဖြစ်၊မလုပ်မဖြစ်တဲ့ လုပ်ငန်းတစ်ခုပါ။ ဒီတော့ ဒူးရင်းသီးလှိုင်လှိုင်စားရအောင် စင်ရော်ချောင်းတံတား ဆောက်ကြပါစို့လို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်''

အားလုံးက စင်ရော်ချောင်းတံတား ဆောက်ရေးကို သဘောတူလိုက်ကြသည်။ စီးပွားရေးအကွက်အကွင်းအရ တွက်ကြည့်မည်ဆိုလျှင်ကား   ယခုလောလောဆယ် မဆောက်သေးဘဲ စောင့်နေချင်လျှင်စောင့်နေနိုင်သေးသည်။ အခြားဦးစားပေးလုပ်ငန်းများ အများအပြားရှိနေသေးသည်။ စင်ရော်ကမ်းရိုးတန်းတစ်ခုလုံး၏ လမ်းပန်း ဆက်သွယ်ရေးကို စက်လှေများက အထိုက်အလျောက်   တာဝန်ယူနေသည်။

စိမ့်မြိုင်နှင့်ခရီးလမ်း အဆက်အသွယ် မချောမောသဖြင့် စက်လှေလုပ်ငန်းလည်း တစ်စတစ်စကြီးထွားလာရခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ မည်သို့ရှိစေ စစ်ရေးအရ ကြည့်မည်ဆိုလျှင်ကား ထိုစင်ရော်ချောင်းတံတားသည် မဖြစ်မနေ ဆောက်ရမည့်တံတားဖြစ်သည်။ စင်ရော်လမ်းမကြီးသည် မဖြစ်မနေပြုပြင်မွမ်းမံရမည့် လမ်းမကြီးဖြစ်သည်။ စင်ရော်လမ်းမကြီး တောက်လျှောက်ပေါက်ခဲ့သော် စင်ရော်ကမ်းရိုးတန်း ဒေသသည် ယခုထက်ပို၍  ဖွံ့ဖြိုးလာမည် အမှန်ဖြစ်လေသည်။

အစိုးရအဖွဲ့ကလည်း စင်ရော်တံတား ဆောက်လုပ်ရေးကို အတည်ပြုလိုက်သည်။ ကုန်ကျမည့်ငွေ ခန့်မှန်းခြေ သိန်း ၃ဝ။

''ကဲ တာဝန်ခံ ဆောက်မယ့်လူ ရှာဖို့ပဲလိုတယ်။ဘယ်သူ ဒီတံတားကို ဆောက်မလဲ။ ပြီးတော့ နေရာရွေးကြမယ်''

(၂)

သောင်းဒန်။

ချောင်းတွေ့လျှင် တံတားဆောက်မည့်သူကား သောင်းဒန်ဖြစ်လေသည်။

သောင်းဒန်ကို လူကြီးပိုင်းက မျက်စိကျနေကြသည်။ လူကြီးပိုင်းတွင် သောင်းဒန်၏ အတွေ့အကြုံကို ရေရေလည်လည် သိသူလည်းရှိသည်။ မသိသူလည်းရှိသည်။ သို့သော်လည်း ယခုအခိုက်အတန့်တွင် သောင်းဒန်သည် တံတားဆောက်နေသူဖြစ်သည်။

ယင်းကိုကား မငြင်းနိုင်။

သောင်းဒန်သည် အညာသား။ အင်းစိန်အစိုးရ စက်မှုသင်တန်းကျောင်းဆင်းဖြစ်သည်။ ယခုအင်ဂျင်နီယာ(တ)ဖြစ်နေပြီ။ ယခင် အခေါ်အဝေါ်အတိုင်း ဆိုလျှင် လမ်းဝန်ထောက်ဖြစ်သည်။

သောင်းဒန်သည် စစ်ပြီးစတွင် တက္ကသိုလ်ဝင်တန်း အောင်သည်။ ထို့နောက် မမျှော်လင့်ဘဲ   အင်းစိန်အစိုးရ စက်မှုသင်တန်းကျောင်းသို့ ရောက်သွားသည်။

သူသွားချင်သည်မှာ ရန်ကုန်တက္ကသိုလ်။ သို့သော် ရောက်သွားသည်မှာ အင်းစိန်ဂျီတီအိုင်ခေါ် အစိုးရ စက်မှုသင်တန်းကျောင်း။

တက္ကသိုလ်ဝင်နှစ်တွင် သောင်းဒန်သည် ဆေးပွဲစား သမီး စိန်စိန်နှင့်ကြိုက်သည်။  အလွန်စိတ်ကူးယဉ်၍ ကောင်းသည့်အချိန်ဖြစ်သည်။ စာမေးပွဲအောင်လျှင် နှစ်ယောက်စလုံး တက္ကသိုလ်သွားမည်။ စိန်စိန်က ဆရာမလုပ်မည်။ သူကအင်ဂျင်နီယာ လုပ်မည်။

သူငယ်ချင်း အပေါင်းအသင်းတို့ကလည်း အင်ဂျင်နီယာ လုပ်ကြမည်ဟု ဆိုသည်။ သူတို့ရှေ့က တက္ကသိုလ်သို့ သွားနှင့်ကြသည့် နောင်တော်ကြီးများ၏ တက္ကသိုလ် အတွေ့အကြုံသည် သူတို့ကို ဖမ်းစားနေသည်။ ခေတ်ကြီးကား ဗရုတ်ဗရက်။ သူပုန်သူကန်သောင်းကျန်းနေသည့် ခေတ်မှာပင် သောင်းဒန်သည် တစ်ရပ်တစ်ကျေးက သူတို့မြို့သို့ ကျောင်းလာနေသူ၊ စာမေးပွဲလာဖြေသူများနှင့် အပေါင်းအဖော်ဖြစ်သည်။ အရင်းနှီးဆုံး သူငယ်ချင်းများတွင် သော်ကောင်း၊ ကျော်ဆွေ၊ တင်ဦးတို့ပါသည်။

သော်ကောင်း၊ ကျော်ဆွေ၊ တင်ဦးတို့သည် ချစ်ရ ကြိုက်ရ၊  ပိုးရပန်းရမှန်း  သိသေးသူများမဟုတ်။ သောင်းဒန်တစ်ယောက်သာ   စိန်စိန်၏ ရီဝေဝေ မျက်လုံးဒဏ်ကိုမခံနိုင်ဘဲ   အချစ်ပင်လယ်ပြင်ကြီးကို လက်ပစ်ကူးသူဖြစ်လာသည်။

''မောင်တို့နှစ်ယောက်စလုံး ပြိုင်တူအောင်ကြရင် သိပ်ကောင်းမှာပဲစိန်ရယ်''

''မောင်ကတော့ အောင်မှာ သေချာပါတယ်''

''စိန်လည်း အောင်ရမှာပေါ့''

စိန်စိန်ကား သူ့အကြောင်းသူသိသည်။    သူ အောင်နိုင်မည်မထင်။ သောင်းဒန်သည် စိန်စိန်ကို ရန်ကုန်သို့အပါခေါ်ချင်သည်။

စိန်စိန်တို့ ညီအစ်မသည် သူတို့ခေတ်တွင် မြို့၏ အလှဧကရီများဖြစ်ကြသည်။ စိန်စိန်၏ညီမ သွယ်သွယ်က စိန်စိန်ထက် ကိုယ်လုံးကိုယ်ပေါက်လှသည်။ အရပ်အမောင်း ကောင်းသည်။ နာမည်နှင့်လိုက်အောင် သွယ်သွယ်လျလျဖြစ်သည်။ ဆင်မယဉ်သာ လှမ်းနည်းအတိုင်း ငြိမ့်ငြိမ့်အေးအေးနှင့် တစ်လှမ်းချင်း လျှောက်သည့်အခါ တင်နှစ်ခုသည်  အိပဲ့အိပဲ့နှင့် မြင်မြင်သမျှ လူအပေါင်းကို ဘဝင်ခိုက်စေသည်။ သွယ်သွယ်၏ ဖြောင့်ရှူးသော ဆင်နှာမောင်း ပေါင်တံနှင့် တင်နှစ်လုံး၏ အညှို့ဒဏ်ကို ခံနိုင်သူရှားသည်။

 ဆက်လက်ဖော်ပြပါမည်။