အရေးကြီးပြီ သွေးစည်းကြစို့

ယမန်နေ့မှအဆက်

သီရိတံတားဆောက်စဉ်က လုပ်ဖော်ကိုင်ဖက် တို့ကို သောင်းဒန်စည်းရုံးသည်။ လှမင်းနည်းတူ အခက်အခဲရှိကြသူများသာ များသည်။ အချို့က ရန်ကုန်တွင် လင်ရော မယားပါ အလုပ်လုပ်နေကြသည်။ အချို့ကား တစ်ယောက်တည်းသာ အလုပ်လုပ်သည်။ ယင်းတို့ထံသို့ အိမ်တိုင်ရာရောက် လိုက်တန်လိုက်ရသည်။ အချို့ကား အိမ်ကမိန်းမကို တိုင်ပင်နေစရာမလို။ မိန်းမ အင်တင်တင် လုပ်နေလျှင် မိန်းမဆီလိုက်သွားပြီး စည်းရုံးရသည်။

သောင်းဒန်နှင့်သာ အလုပ်လုပ်ရမည်ဆိုလျှင် ဘယ်နေရာမှာ လုပ်ရလုပ်ရ လုပ်မည်ဆိုသည့်သူလည်း ရှိသည်။

သောင်းဒန်လို အဖော်ကောင်းနှင့် ဆိုလျှင် ငရဲသို့ပင် တစ်ခေါက်လောက် လိုက်ချင်သူလည်း ရှိသည်။ သို့သော် စိတ်မချရသေး။ ဒီအထဲတွင် လှမင်းလို ကပ်၍ပျက်မည့်သူများ အများအပြားရှိသည်။ သူတို့ကို တစ်ယောက်ချင်းသာ  စည်းရုံးရသေးသည်။  အားလုံး  အဖွဲ့နှင့်အစည်းနှင့် စည်းရုံးရဦးမည်။ သောင်းဒန် အလုပ်များနေ၍ မလုပ်အားသေး။ သူတို့နှင့် ဆက်ဆံရေးကား ပြေပြစ်သည်သာများသည်။

လုပ်ဖော်ကိုင်ဖက်များသည် သောင်းဒန်ကို ခင်ကြသည်။  သောင်းဒန်ကလည်း  သူတို့၏အခွင့်အရေးအတွက်  လုပ်ကိုင်ပေးသည်။ ရစရာရှိလျှင်  သူများနည်းတူသာမက သူများထက်ပင် ပို၍ရအောင် လုပ်ပေးသည်။ ဘယ်သူနှင့်ဖြစ်ဖြစ် တည့်အောင်ပေါင်းနိုင်သည်။

လူကြီးများကလည်း  ဖင်ပေါ့သဖြင့်   သောင်းဒန်ကို အားကိုးသည်။  သဘောကျသည်။  သောင်းဒန်ကို ခိုင်းလိုက်လျှင် မဖြစ်နိုင်တာမရှိ။ အားလုံးဖြစ်သည်သာ ချည်းပင်။

''လှမင်းကွာ၊ ဂျီကျနေလို့ လိုက်ပြီးပြောရသေးတယ်။

ဒီကောင့်မိန်းမက လှမင်းကို တော်တော်နိုင်ပုံရတယ်''

တစ်ညတွင် စကားစပ်မိသဖြင့် အိမ်ကမိန်းမ မြင့်မြင့်သန်းကို ပြောမိသည်။

''အင်း၊ ခုမှပဲ ရေရေလည်လည် စကားပြောဖော်ရတော့တယ်။ ဒီကလည်း မောင်နဲ့အေးအေးဆေးဆေး စကားပြောချင်နေတာ၊ ပြောချိန်ကိုမရဘူး။ ခုတလောမောင့်ကြည့်လိုက်ရရင်   အလုပ်ရှုပ်နေတာချည်းပဲ။

မြင့်နဲ့ တစ်မိနစ်လေးမှ မျက်နှာချင်းဆိုင်ချိန်မရဘူး။

ဘာများ   ကိုလှမင်းကဂျီကျလို့လဲ။    မိန်းမဆိုတာ ယောကျ်ားကိုနိုင်မှာပေါ့တော်ရဲ့။ သူများမိန်းမသွားပြီး အပြစ်တင်မနေပါနဲ့။ အထိန်းအကျောင်းဆိုတာတော့ ရှိရဦးမှာပေါ့။ ဂျီတိုက်ချင်းတိုက်ရင် မောင်ကသာ ဂျီတိုက်မှာပါ''

''မြင့်နားမလည်ပါဘူးကွာ၊   စင်ရော်လိုက်ဖို့ကိစ္စ ပြောနေတာကွ။ အစကလိုက်မယ်ဆိုပြီး ခု မလိုက်ဘူးဖြစ်နေလို့ အိမ်ကမိန်းမကို လိုက်ပြီးပြောရတယ်။

မလိုက်ဘူးဆိုတာလည်း မောင့်ကိုတိုက်ရိုက်ပြောတာ မဟုတ်ဘူး။ ရုံးက တခြားလူတွေကိုပြောတယ်။ မောင့်နားရောက်လာလို့ ဒီကောင့်ကိုခေါ်မေးရတာ''

''မလိုက်ချင်တဲ့လူ အတင်းခေါ်မနေပါနဲ့မောင်ရယ်။

ဟိုရောက်မှ စိတ်မပါတာနဲ့ အလုပ်မတွင်ဘဲဖြစ်နေပါဦးမယ်။ မောင်တို့တံတားက ဘယ်လောက်ဆောက်ရမှာလဲ။

မြင့်လည်း သေသေချာချာမေးမယ် မေးမယ်နဲ့ မမေးမိသေးဘူး''

''အခုလျာထားထားတဲ့အတိုင်းဆိုရင်  သုံးနှစ်ခွဲနဲ့ ပြီးမယ်။ အလွန်ဆုံး လေးနှစ်ပေါ့''

မြင့်မြင့်သန်း မျက်နှာညှိုးသွားသည်။ မြင့်မြင့်သန်းသည် သူများတွေလို အထုပ်ပိုက်၍ သောင်းဒန်နောက်မလိုက်နိုင်။ သူ့မှာ အလုပ်တစ်ဖက်နှင့်ဖြစ်သည်။ သူတို့အိမ်ထောင်သည် နှစ်ယောက်လုပ်စာနှင့် စားသောက်နေရသည့် အိမ်ထောင်ဖြစ်သည်။       သောင်းဒန်က မြင့်မြင့်သန်းကို အလုပ်မလုပ်စေချင်။ သို့သော်လည်း မဟာသိပ္ပံအထိပင် တက်ထားသည့် ပညာများကို အသုံးမချရတော့ဘူးလားဟု မေးသည့်အခါ သောင်းဒန်ဘာမျှ ပြန်မပြောနိုင်။ နှစ်ယောက်လုပ်စာနှင့်မှ လောက်ငရုံသာရှိသည်။  အပို အမို၊  အကြွားအဝါများ မရှိနိုင်။

ဟော့ဟော့ရမ်းရမ်းမသုံးနိုင်၊ မဖြုန်းနိုင်။   သို့သော် တစ်ခုတော့ရှိသည်။  ယင်းမှာ  သောင်းဒန်  အရက်ကြိုက်ခြင်းပင်ဖြစ်သည်။ သောင်းဒန်၏ အရက်ဖိုးသည် တစ်လ တစ်ရာကျော်ကုန်သည်။ အစကတော့ မြင့်မြင့်သန်းက တားမြစ်သေးသည်။ နောက်တော့ မတားမြစ်တော့။ တစ်နေကုန် ပင်ပန်းလာသည့်အခါ အရက်နှင့် အပန်းဖြေရင်းက သောင်းဒန်သည် အရက်ကြိုက်တတ်လာသည်။

''လေးနှစ်ဆိုပေမယ့် ကြာချင်မှကြာမှာပါ။ ဒီကြားထဲ ရန်ကုန်ကို တစ်လတစ်ခေါက်တော့ လာရမှာပါကွာ''

''အင်းလေ'' ခေါင်းဆတ်ရုံကလွဲ၍ မြင့်မြင့်သန်း ဘာမျှမတတ်နိုင်။     သူယူထားသည့် ယောကျ်ားမှာ ရုံးထိုင်အလုပ်သမား မဟုတ်။ ကွင်းဆင်းနေရသည့် အင်ဂျင်နီယာဖြစ်သည်။ သူများတွေက နံနက် ၉ နာရီခွဲ ရုံးသွား၊ ညနေ ၄ နာရီရုံးဆင်းကြသည်။ သူ့ယောကျ်ား အလုပ်ကား နံနက် ၈ နာရီစသည်။ ညနေ သူများတွေအိမ်ပြန်ရောက်ချိန်တွင် သောင်းဒန်မရောက်လာ။

၆ နာရီခန့်ရှိမှ  ပြန်ရောက်လာသည်။  တစ်ခါတစ်ရံ အပေါင်းအသင်းနှင့်တွေ့လျှင် သောင်းဒန်သည် ညဉ့်နက်သန်းခေါင်မှ အိမ်ပြန်ရောက်လာတတ်သည်။

ယခုကား သောင်းဒန်၏လုပ်ငန်းသည် အောင်မြင်နေသည်။ သီရိတံတား ဆောက်အပြီးတွင် သောင်းဒန်ကို အထက်လူကြီးများက မျက်စိကျသွားသည်။ သောင်းဒန်၏ သတင်းမွှေးလာသည်။   ဒါကိုပင်   မြင့်မြင့်သန်း ဝမ်းသာရသည်။ ''မင်းခ ယောကျ်ား၊ ကမ်းနား သစ်ပင်'' ဆိုသည့်စကားသည် မြင့်မြင့်သန်းတို့လူ ဖြစ်လာရသည့် ခေတ်ကြီးတွင်   ပို၍မှန်နေသည်။   နေ့ချင်းညချင်း ကြီးပွားလာသူတို့သည် ကံဆိုးမိုးမှောင်ကျသည့်အခါအလုပ်မှ  ဖြုတ်ခနဲ၊   ဖြုတ်ခနဲပြုတ်သွားကြသည်။

သို့ဖြစ်ရာ   အချီးမြှင့်မခံရချင်ရှိစေ၊    သောင်းဒန် မကောင်းသတင်းမကြားလို။ ယခုရက်အတောအတွင်း သောင်းဒန်ပင်ပန်းနေသည်။ သို့သော်လည်း သောင်းဒန်၏ မျက်နှာသည် ရွှင်ရွှင်ပျပျရှိသည်။ ဤသို့မြင်ရသဖြင့်ဝမ်းသာသည်။

စင်ရော်တံတားဆောက်ရန်     သောင်းဒန်ကို တာဝန်ပေးမည်ဟု စောစောကပင် သိရသည်။ လုပ်ရမည်လား၊ မလုပ်ရဘူးလားဟူ၍ပင် ဆွေးနွေးနေချိန် မရ။

တစ်ရက်ထက်တစ်ရက်   အလုပ်ရှုပ်လာသည်ကိုသာ မြင့်မြင့်သန်းမြင်နေရသည်။ တကယ်ဆိုတော့ မြင့်မြင့်သန်းက ကန့်ကွက်စရာ အကြောင်းမခိုင်လုံ။ သုံး၊ လေးနှစ် ခွဲနေရမည်ကို  မနှစ်သက်။  ကလေးများကလည်း ကြီးလာကြပြီ။    မိဘနှစ်ပါးစလုံး၏    အပြုအစု၊ အသွန်အသင်လိုလာပြီ။ ယင်းတို့မှာ အိမ်ထောင်သည် တစ်ယောက်ဘက်မှကြည့်သည့်အမြင်မျှသာဖြစ်သည်။

သောင်းဒန်ကမူ-

''မောင်တို့ဟာ လူငယ်တွေ မြင့်။ခု အသက်သုံးဆယ့်ငါးနှစ် ကျော်ကျော် ရှိကြသေးတယ်။ ဒီအချိန်ဟာ အလုပ်လုပ်လို့ကောင်းချိန်ပဲ။ ဒီအချိန်မှာ အတွေ့အကြုံစုံအောင် ရှာကြရမယ်။ သည့်ထက်ကြီးလာလို့ လေးဆယ်ကျော်လာပြီဆိုရင် သိပ်ပြီး လှုပ်လှုပ်ရှားရှား လုပ်နိုင်တော့မှာ မဟုတ်ဘူး။ ရုံးထိုင်ပြီး အလုပ်လုပ်ကြရတော့မှာပဲ။ ဒါက သဘောပြောတာပါ။ တကယ်ဆိုတော့ ငါးဆယ်အထိ    တက်တက်ကြွကြွနဲ့   ကွင်းဆင်းပြီး အလုပ်လုပ်နေကြတဲ့လူတွေ တစ်ပုံချည်းပဲ။  ဒီတော့ ဒီအချိန်မှာ  အလုပ်လုပ်ကြရမယ်။  မခိုမကတ်လုပ်ရမယ်။ ပြီးတော့ တိုင်းပြည်အခြေအနေ ကြည့်လိုက်စမ်း။

မြင့်လည်း    တက္ကသိုလ်ကျောင်းက     ဆရာမကြီး တစ်ယောက်ပဲ''

''ဟင်း လူကိုလာပြီးမထိခိုက်နဲ့''

''အကောင်းပြောတာပါကွ။ တို့ဆီမှာ တက်တက်ကြွကြွ အလုပ်လုပ်မယ့်လူငယ်တွေ အများကြီးလိုနေတယ်။ ကုလားထိုင်နဲ့၊ စားပွဲနဲ့လုပ်မှ အလုပ်လို့ ထင်နေတဲ့လူတွေ  အများကြီးရှိနေသေးတယ်။  ဒီခေတ်က တည်ဆောက်ရေးခေတ်ကွ''

ဟုတ်သည်။ အရာရာ တည်ဆောက်နေကြရသည်။

ခေတ်နောက်ကျသည်ကို ရှေ့သို့ရောက်လာအောင် အားနှင့်မာန်နှင့်၊ ဇွဲနှင့် သတ္တိနှင့် တည်ဆောက်နေကြရသည်။ ပေါ့ပေါ့စား၊ ပေါ့ပေါ့နေချင်သူတွေနှင့် တိုင်းသစ်ပြည်သစ် တည်ဆောက်၍မရနိုင်။   သောင်းဒန်သည် အင်ဂျင်နီယာဖြစ်သည်။ သူ့အမြင်သည် အင်ဂျင်နီယာ တစ်ယောက်၏အမြင်သာဖြစ်သည်ဆိုလျှင် ရှိစေတော့။

သူ့အမြင်တွင်ကား  စားပွဲ၊  ကုလားထိုင်အလုပ်သည် ခပ်ပေါ့ပေါ့အလုပ်ဖြစ်သည်။ စားပွဲ၊ ကုလားထိုင်တွင် ထိုင်ကာ အောက်လူတွေကို အမိန့်နာနာပေး။ ကိုယ်ကတော့ ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင်၊ ချွေးတစ်ပေါက်မထွက်၊ ခပ်ပေါ့ပေါ့လေးနေ၊ ခပ်ပေါ့ပေါ့ပြော။

သည်လိုလူတွေနှင့် တိုင်းပြည် မတိုးတက်နိုင်။ သည်လို လူတွေကိုကြည့်ကာ  စားပွဲ၊  ကုလားထိုင်အလုပ်ကို မက်မောလာသူတွေပေါနေသည်။     အထူးသဖြင့် လူငယ်လေးများသည် တက္ကသိုလ်က ထွက်လျှင် စားပွဲ၊ ကုလားထိုင်အလုပ်ကိုသာ ရှာကြသည်။ မိမိလည်း ဝမ်းဝ၊ တိုင်းပြည်လည်း ကြီးပွားသည်။ အလုပ်သည် စားပွဲ၊  ကုလားထိုင်တွင်မရှိ။  ကွင်းပြင်တွင်ရှိသည်။

ဤသည်ကား  သူ့အမြင်ဖြစ်သည်။   သူ့အမြင်သည် တစ်ဖက်သတ်ဖြစ်ချင်ဖြစ်နေမည်။

''တို့ဟာ တည်ဆောက်ရေးသမားတွေပဲ မြင့်'' မြင့်မြင့်သန်း ဘာမှပြောစရာမရှိတော့ပေ။ ကန့်ကွက်၍ရမည့် အခြေအနေလည်း မဟုတ်။ သူ့ထက်ဆိုးသည့် မိန်းမတွေ အများကြီး ရှိသည်မဟုတ်လား။ အချို့ဆိုလျှင် တိုင်းပြည်အတွက် အသက်စွန့်ကြရသည် မဟုတ်လား။

မုဆိုးမဖြစ် ကျန်ရစ်ခဲ့ကြရသည် မဟုတ်လား။ သူတို့နှင့်စာလျှင် မြင့်မြင့်သန်းဘဝက အများကြီးခံသာသေးသည်။ မြင့်မြင့်သန်းသည် စစ်ထွက်ယောကျ်ား၏ မိန်းမ မဟုတ်။ မြင့်မြင့်သန်းသည် အင်ဂျင်နီယာ၏ မိန်းမသာဖြစ်သည်။ တည်ဆောက်ရေးခေတ်တွင် အင်ဂျင်နီယာတို့  အလုပ်များမည်။  သို့ဖြစ်ရာ  မြင့်မြင့်သန်းအဖို့ လင်နှင့်အတူအမြဲနေရဖို့ မျှော်လင့်ချက် မထားနိုင်။

ဆက်လက်ဖော်ပြပါမည်။