အရှေ့တောင်အာရှနိုင်ငံများ၌ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်နိုင်ဟု ဂျပန်သတိပေး

အရှေ့တောင်အာရှနိုင်ငံများ၌ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်နိုင်ဟု ဂျပန်သတိပေး

အရှေ့တောင်အာရှနိုင်ငံများ၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်နိုင်ကြောင်းနှင့် ဂျပန်နိုင်ငံသားများ အနေဖြင့် ထိုနိုင်ငံများရှိ ဘာသာရေး အဆောက်အအုံများနှင့် လူထူထပ်ရာနေရာများသို့ မသွားရန်  ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင်ဘာ ၁၃ ရက်တွင် သတိပေး တိုက်တွန်းထားသည်။

အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်သော အရှေ့တောင်အာရှ နိုင်ငံများတွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ ပါဝင်ကာ အသေခံဗုံးခွဲခြင်း ကဲ့သို့ တိုက်ခိုက်မှုများအထိ ရှိလာနိုင်သည့် သတင်းများ   ရရှိထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ဂျပန်အစိုးရ၏ သတိပေးမှုများသည် သက်ဆိုင်ရာ နိုင်ငံများအတွက် ပဟေဠိဆန်စေပြီး ထိုနိုင်ငံများမှ တာဝန်ရှိ သူများက ၎င်းတို့အနေဖြင့် ထိုကိစ္စနှင့်ပတ်သက်၍  ဂျပန်အစိုးရထံမှ အသေးစိတ် အချက်အလက်များ မရရှိထားသကဲ့သို့ သတင်းအရင်းအမြစ်ကိုလည်း မသိရှိကြောင်း ထုတ်ပြန်ထားသည်။

ဂျပန်အစိုးရ အနေဖြင့် အဆိုပါသတိပေးမှုအတွက် အရင်းအမြစ်ကို ထုတ်ဖော် ပြောထားခြင်း မရှိကြောင်း၊ ဂျပန်သံရုံးထံမှလည်း ထိုကိစ္စသည် ထိုင်းတစ်နိုင်ငံတည်းကိုသာ ရည်ညွှန်းပြောခြင်း မဟုတ်ကြောင်းမှ လွဲ၍ အသေးစိတ် အချက်အလက်များကို ပြောဆိုထားခြင်း မရှိကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တာနီးဆန်ဂရတ်က ပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံ လုံခြုံရေးဌာနများ အနေဖြင့်လည်း တိုက်ခိုက်မှုဖြစ်ပွားနိုင်သည် ဟူသော သတင်းအချက်အလက်များကို ရရှိထားခြင်း မရှိကြောင်း ရဲတပ်ဖွဲ့မှ ဒုတိယပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အလားတူ ဂျပန်နိုင်ငံက သတိပေးသကဲ့သို့ မြင့်တက်လာသည့် ခြိမ်းခြောက်မှုအန္တရာယ်နှင့် ပတ်သက်၍ မည်သည့်သတင်း အချက်အလက်မျှ မရရှိထားကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ၎င်း၏နိုင်ငံ အတွင်းရှိ ဂျပန်နိုင်ငံသားများထံ ထိုကဲ့သို့သော သတိပေးချက်မျိုး ထုတ်ပြန်ထားခြင်း မရှိကြောင်း ပြောထားသည်ဟု သိရသည်။