နှစ်စဉ် မေလ ၁ ရက်နေ့ရောက်တိုင်း အလုပ်သမားနေ့အဖြစ် သတ်မှတ်ပြီး ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားများကို ဂုဏ်ပြုလျက်ရှိသည်။ ကမ္ဘာ့သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ၁၈ ရာစုအတွင်း ကမ္ဘာ့နိုင်ငံများ၌ စက်မှုထွန်းကားလာသည်။ ထိုစဉ်က အလုပ်သမားတို့၏အလုပ်လုပ်ချိန်မှာ တစ်နေ့လျှင် ၁၆ နာရီမှ နာရီ ၂၀ ခန့် အလုပ်လုပ်နေကြရသည်။ ပင်ပင်ပန်းပန်း လုပ်ကြရသော်လည်း လုပ်ခမှာနည်းပါးသည်။ ထို့ကြောင့် အလုပ်သမားတို့က အလုပ်ချိန်လျှော့ချပေးရေးနှင့် သက်သာချောင်ချိရေး တိုးမြှင့်ပေးရေးကို တောင်းဆိုကြသည်။
အလုပ်ရှင်ဘက်က လိုက်လျောမှု မရှိဘဲ အလုပ်ထုတ်ပစ်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းများ ပြုခဲ့သည်။
အလုပ်သမားများပိုမိုစုစည်းလာကြပြီး ၁၈၈၉ ခုနှစ် ဇူလိုင် ၁၄ ရက်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ အလုပ်သမား ညီလာခံ ကျင်းပခဲ့သည်။ ထိုညီလာခံမှအလုပ်သမားတစ်ဦး တစ်နေ့အလုပ်လုပ်ချိန် ၈ နာရီတောင်းဆိုပေးပြီး နှစ်စဉ် မေလ ၁ ရက်နေ့ကို အလုပ်သမားနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ကမ္ဘာကြီးတွင် မရှိမဖြစ်သော လူတန်းစားများတွင် အလုပ်သမားများ ပါဝင်သည်။ အလုပ်သမားများကြောင့် ကမ္ဘာကြီးကို သာယာလှပအောင်
တည်ဆောက်နိုင်ကြခြင်း ဖြစ်သည်။ နေရာဒေသတိုင်းတွင် အလုပ်သမားများနှင့်ကင်း၍ လုပ်ကိုင်ဆောင်ရွက်သော လုပ်ငန်းမရှိ သလောက်ရှားပါးလှသည်။
အလုပ်သမားများကို တန်ဖိုးထားသောအားဖြင့် ၁၉၁၉ ခုနှစ် ဧပြီ ၁၁ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ International Labour Organization (ILO)ကို ဖွဲ့စည်းခဲ့သည်။ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ အလုပ်သမားတို့၏ ဘဝနှင့် လုပ်ငန်းခွင် တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်သည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် မေ ၁၈ ရက်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့သို့ ဝင်ရောက်ပြီး အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပခဲ့သည့် (၃၁)ကြိမ်မြောက် ညီလာခံမှ အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။
ILO ၏ ရည်ရွယ်ချက်မှာ အလုပ်သမားတို့၏ အလုပ်ချိန် သတ်မှတ်မှု၊ အလုပ်သမားရရှိရေးနှင့် အလုပ်လက်မဲ့ မပေါ်ပေါက်ရေး၊ အလျင်မီလစာနှုန်းထား သတ်မှတ်ခြင်း၊ လုပ်ငန်းခွင်ကြောင့် ရောဂါအနာတရ မဖြစ်ပွားရေး၊ ကလေးသူငယ်များကို အလုပ်သမားအဖြစ် စေခိုင်းခြင်းမှအကာအကွယ်ပေးရေး၊ လူငယ်အလုပ်သမား၊ အမျိုးသမီး အလုပ်သမားများအား အကာအကွယ်ပေးရေး၊ သက်ကြီးထောက်ပံ့ကြေးနှင့် အနာတရဖြစ်သူ ထောက်ပံ့ကြေးပေးရေး၊ တိုင်းတစ်ပါး၌ အလုပ်လုပ်ရသူများအတွက် အကာအကွယ်ပေးရေး၊ အလုပ်တူလုပ်ရလျှင် လုပ်ခတူရရေး၊ အလုပ်သမားအသင်းအဖွဲ့များလွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရေး၊ အလုပ်ခွင် သင်တန်းများနှင့် နည်းပညာသင်တန်းများ ပေးရေးတို့ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်၏ တာဝန်ကို စတင်ယူချိန်မှစ၍ အလုပ်သမားတို့အရေးကိစ္စကို ဦးစားပေး လုပ်ဆောင်ခဲ့သည်။ ပြည်တွင်းအလုပ်သမားများအတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ ကြန့်ကြာနေသောလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ၂၀၂၁ ခုနှစ် မတ် ၇ ရက်တွင်ကျင်းပပြီး အလုပ်သမားများ ကောင်းကျိုးကို ရှေးရှုဆောင်ရွက်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားလုပ်သား ၁၀၈၆ ဦးအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)နှင့် စစ်ရေယာဉ် (ဆင်ဖြူရှင်)တို့ ဖြင့် ခေါ်ယူသည်။ ဖေဖော်ဝါရီ ၂၇ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။
ထို့ပြင် အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားရေလုပ်သား ၇၀ ကို တပ်မတော်(ရေ)မှ စစ်ရေယာဉ်(တပင်ရွှေထီး)ဖြင့် မတ် ၆ ရက်နံနက်ပိုင်းတွင် သွားရောက်ခေါ်ယူသည်။ အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းရှိ ပို့ဘလဲယားဆိပ်ကမ်းသို့ မတ် ၇ ရက်မွန်းလွဲပိုင်းတွင် ရောက်ရှိသည်။ မတ် ၈ ရက်တွင် အိန္ဒိယနိုင်ငံမှ ပြန်လည်ထွက်ခွာပြီး အသွားအပြန်ရေမိုင်ပေါင်း ၈၃၀ ခုတ်မောင်းကာ မတ် ၁၀ ရက်မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။ လက်ရှိနိုင်ငံတော်အစိုးရသည် အလုပ်သမားများနှင့် ပတ်သက်သော ကိစ္စရပ်များကို အလေးထား ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်ပရောက်အလုပ်သမားများအရေးနှင့်ပတ်သက်၍ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများခွင့်ပြု၍ ပြည်ပနိုင်ငံများသို့ အလုပ်သမားများ စေလွှတ်ခွင့်ပြုပေးလျက်ရှိသည်။ ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ် မတ်လအထိ ၁၃၂၀၉၁၄ ဦး ပြည်ပနိုင်ငံများသို့ စေလွှတ်ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ လူသားတို့ဘဝတွင် အရေးကြီးဆုံးမှာ စားဝတ်နေရေး ဖူလုံမှုဖြစ်သည်။ စားဝတ်နေရေးဖူလုံမှုအတွက် လူတိုင်းအလုပ်လုပ်နေကြရသည်။ မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမှုများ ပိုမိုဝင်ရောက်လာပါက အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုပေါများလာမည်ဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အနေဖြင့်လည်း စီးပွားရေး ဦးတည်ချက်(၃)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ အလုပ်သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာတော့မည် ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။ ။