အလုံမြို့နယ်၌ ပြည်သူများ၏ လိုအပ်ချက်ဖြစ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ လက်လီလက်ကား ရောင်းချပေး
ရန်ကုန် သြဂုတ် ၁၇
ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများ၏ လိုအပ်ချက်ဖြစ်သည့် ဆေးနှင့်ဆေးပစ္စည်း များကို အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာ ဦးစီးဌာန နှင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်း ရှင်များ အသင်းတို့မှ ပူးပေါင်းစီစဉ်ပြီး လက်လီလက်ကားရောင်းချခြင်း အစီအစဉ် ကို အလုံမြို့နယ် လွတ်လပ်ရေးရပ်ကွက် ကမ်းနားလမ်း အမှတ်(၁ဝ၄/၁ဝ၅)၌ ဒုတိယ နေ့အဖြစ် ဆက်လက်ရောင်းချလျက်ရှိသည်။
ထိုသို့ရောင်းချနေမှုကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့် စီးပွားရေးရာ ဝန်ကြီး ဦးအောင် သန်းဦးတို့ လာရောက်ကြည့်ရှုအားပေးပြီး ဝန်ကြီးများက ဈေးနှုန်းမှန်ကန်စွာ ရောင်းချရေး၊ အရည်အသွေး မှန်ကန်သောဆေးများ ဖြစ်စေရေးနှင့် ပြည်သူများ၏ ကျန်းမာရေး အတွက် လိုအပ်ချက်ဖြစ်သော ဆေးနှင့်ဆေး ပစ္စည်းများကို ယခုကဲ့သို့ ရောင်းချပေးသည့် ဆေးကုမ္ပဏီများကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ များ၏ ဆေးဝါးလိုအပ်ချက်များအားဖြည့် ဆည်းပေးနိုင်ရန် လွယ်လင့်တကူဝယ်ယူနိုင် ရန် ဒုတိယနေ့အဖြစ် ဆေးဝါးတင်သွင်း/ ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ ၂၇ ခုမှ ကိုဗစ်-၁၉ ရောဂါကုသရေးတွင်အသုံးပြု သည့် ဆေးဝါးများနှင့်ဆက်စပ်ဆေးဝါးများ၊ အခြားလူသုံးများသည့် ဆေးဝါးများ အမျိုး ပေါင်း ၃ဝဝ ကျော်ကို အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချပေးလျက်ရှိ ပြီး ကိုဗစ်-၁၉ တတိယလှိုင်း ကာလအတွင်း ပြည်သူများ ဆေးဝါးလိုအပ်ချက် မြင့်တက်လာမှုကြောင့် ဆေးဝါးဈေးနှုန်းများပါမြင့် တက်ခဲ့ရာ ယခုအခါ တိုင်းဒေသကြီးအစိုးရ နှင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်း ရှင်များ အသင်းတို့ ပူးပေါင်းဆောင်ရွက်မှု အရ ဈေးကွက်အတွင်း ဆေးဝါးများ လွယ်ကူစွာ ဝယ်ယူရရှိနိုင်ပြီဖြစ်သည့်အပြင် ဆေးဝါး ဈေးနှုန်းများမှာလည်း ပုံမှန်အခြေအနေ နီးပါးသို့ ပြန်လည်ရောက်ရှိလာပြီဖြစ် ကြောင်း သိရသည်။
ကိုဗစ်တတိယလှိုင်း မစတင်မီ ဗီတာမင် စီ-၁ဝဝဝ မီလီဂရမ်ခြောက်ဆယ်လုံးပါတစ်ဘူးကို ငွေကျပ် ၈၉၄ဝ မှ အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်း ငွေကျပ် ၁၅ဝဝဝ ကို လက်ရှိရောင်းချသည့်ဈေးနှုန်းမှာ ငွေကျပ် ၉၉ဝဝဖြင့်လည်းကောင်း၊ ပါတာစီတမော့ ၁ဝ လုံးပါတစ်ကတ်လျှင် ငွေကျပ်၂၅ဝ မှ အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်း ငွေကျပ် ၅ဝဝ ကို လက်ရှိရောင်းချသည့် ဈေးနှုန်းမှာ ငွေ ၁၄၅ ကျပ်ဖြင့် လည်းကောင်း ဈေးနှုန်းမှန်ကန်စွာရောင်းချလျက်ရှိပြီး အခြားလူသုံးများသည့် ဆေးဝါးများ၊ ကိုဗစ်-၁၉ သာမန်ကုသဆေး ၃၃ မျိုးနှင့် ဆက်စပ်ဆေးဝါးများကိုလည်း အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။