တစ်နေ့သောအခါမှာ ဘာရဒွါဇပုဏ္ဏားက ဘုရားထံလာရောက်လျှောက်ထားမေးမြန်းသည်။ “အရှင်...ဂေါတမ၊ ဘာကိုသတ်လို့ရှိရင် ချမ်းသာစွာနေရသလဲ။ ဘာကိုသတ်လို့ရှိရင် မစိုးရိမ်ရပါသလဲ။ အဘယ်အရာကို အမြစ်ပြတ်သတ်ဖြတ်ခြင်းကို အရှင်ဂေါတမနှစ်သက်ပါသလဲ... ဟူ၍ဖြစ်သည်။ ဘာရဒွါဇပုဏ္ဏားမှာ ဘုရားရှင်လာစဉ် ကတည်းက ရည်ရွယ်ချက်မှာ ဘုရားရှင်အားသိက္ခာချရန်လာခြင်း ဖြစ်သည်။ အပြစ်တင်စကားဆိုရန်အတွက် အမျက်ဒေါသနှင့်လာခြင်း ဖြစ်သည်။ သူ့မေးခွန်းများကလည်း တမင်သက်သက်အမှားဖမ်းဖို့ အကွက်ဆင်မေးခြင်း ဖြစ်သည်။ ဘာရဒွါဇပုဏ္ဏားမှာ အခြားအယူဝါဒရှိသူဖြစ်သည်။
မြတ်စွာဘုရားက ဘာရဒွါဇအနွယ်...ပုဏ္ဏား၊ အမျက်ဒေါသကိုပယ်သတ်ရင် ချမ်းသာစွာနေရတယ်။ အမျက်ဒေါသကို ပယ်သတ်ရင် မစိုးရိမ်ရဘူး။ အဆိပ်နဲ့တူတဲ့ ဆင်းရဲဒုက္ခရဲ့အခြေခံအကြောင်းရင်းဖြစ်တဲ့ သူတစ်ပါးကိုလက်စားချေရမှ ကျေနပ်နှစ်သိမ့်ခြင်းအဆုံးရှိတဲ့အမျက်ဒေါသကို အမြစ်ပြတ်သုတ်သင်ပယ်သတ်ခြင်းကို သူတော်သူမြတ်တွေက နှစ်သက်လိုလား...ချီးမွမ်းကြတယ် ဘုရားရှင်ရဲ့မိန့်ကြားချက်ကို ဘာရဒွါဇပုဏ္ဏားအနေနဲ့ စောဒကတက်ရန် မလိုတော့ဘဲ လွန်စွာ သဘောကျသွားသည်။ နောက်ဆုံးတွင် မြတ်ဗုဒ္ဓ၏ တရားတော်၊ သံဃာတော်တို့ကို ကိုးကွယ်ဆည်းကပ် ယုံကြည်သူအဖြစ် မှတ်ယူတော်မူပါရန် လျှောက်ထားပြီး ဗုဒ္ဓသာသနာမှာ သာမဏေအဖြစ်၊ ရဟန်းအဖြစ်ရ လိုပါတယ်ဟူ၍ လျှောက်ထားသည်။ ဘာရဒွါဇအနွယ်ပုဏ္ဏားမှာ ဗုဒ္ဓသာသနာတွင် ရဟန်းအဖြစ်ရရှိသွားသည်။ ထိုမှတစ်ဆင့် ကျင့်ကြံပွားများ အားထုတ်ခဲ့ရာ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားသည်။ မူလဒေါသတရားများနှင့် မြတ်ဗုဒ္ဓကိုအပြစ်မြင်၊ အပြစ်တင်ရန် ရောက်လာခဲ့သော ဘာရဒွါဇပုဏ္ဏားသည် မြတ်ဗုဒ္ဓကြောင့် အပြောင်းလဲကြီး ပြောင်းလဲကာ မှန်ကန်သော အသိအမြင်ရရှိပြီး မွန်မြတ်သောဘဝကို ရောက်ရှိသွားခဲ့သည်။
ဘာရဒွါဇပုဏ္ဏား ဗုဒ္ဓသာသနာမှာ ရဟန်းပြုသွားပြီဟူသော သတင်းသည် ပုဏ္ဏားမျိုးနွယ်များအတွက် နှစ်လိုဖွယ်ကောင်းသော သတင်းမဟုတ်ပေ။ မိမိတို့အမျိုးအနွယ် ဂုဏ်သိက္ခာကို အစော်ကားခံရလေခြင်းဟူသော အတွေးများနှင့် မကျေမနပ် အဖြစ်ဆုံးသူက ဘာရဒွါဇ၏ညီဖြစ်သူ အက္ကောသကဘာရဒွါဇဖြစ်သည်။ သူ့အစ်ကို ရဟန်းဖြစ်သွားခြင်းအတွက် မြတ်စွာဘုရားအပေါ် မကျေနပ်စိတ်၊ မုန်းတီးစိတ်များဖြစ်နေသည်။ ထို့ကြောင့် အက္ကောသကဘာရဒွါဇ ပုဏ္ဏားသည် မြတ်စွာဘုရားရှိရာ ဝေဠုဝန်ကျောင်းသို့ သွားသည်။ မြတ်စွာဘုရားနှင့် တွေ့ဆုံချိန်တွင် အက္ကောသကဘာရဒွါဇက ကြမ်းတမ်းသော စကားများနှင့် ဆဲရေးသည်။ မြတ်စွာဘုရားရှင်က ဘာမျှခွန်းတုံ့မပြန်ဘဲ ဆိတ်ငြိမ်စွာနေတော်မူလေသည်။
အက္ကောသကဘာရဒွါဇပုဏ္ဏား ဆဲဆိုခြိမ်းခြောက်၍ မောလောက်သောအချိန်တွင်မှ မြတ်ဗုဒ္ဓက အသင်ပုဏ္ဏား...ငါတစ်ခု မေးမယ်၊ သင့်ထံရောက်လာတဲ့ မိတ်ဆွေဧည့်သည်တွေ၊ ဆွေမျိုးသားချင်းတွေကို သင်ကစားဖွယ်၊ သောက်ဖွယ်တွေ၊ အမှတ်တရလက်ဆောင်ပစ္စည်းတွေကို ပေးတယ်မဟုတ်လား၊ သင်က အဲဒီလိုပေးတဲ့အခါမှာ ဧည့်သည်၊ မိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေက မခံယူ၊ မသုံးဆောင်၊ မစားသောက်ဘူးဆိုရင် သင်ပေးတဲ့အရာတွေဟာ ဘယ်သူဆီမှာရောက်မှာလဲ။ ဘယ်သူ့ဥစ္စာတွေပဲ ဖြစ်နေမှာလဲ ထိုအခါ ပုဏ္ဏားက သူတို့က မခံယူ၊ မသုံးဆောင်ဘူး ဆိုရင်တော့ ဒါတွေဟာ အကျွန်ုပ်ဆီပဲရောက်မှာပါ၊ အကျွန်ုပ်ဥစ္စာတွေပဲ ဖြစ်နေမှာပါအရှင်ဂေါတမ ဟူ၍ ပြောဆိုသည်။
မြတ်စွာဘုရားရှင်က ထိုနည်းတူပါပဲ။ အသင်ပုဏ္ဏား၊ တစ်ခွန်းမှမဆဲဆိုတဲ့ငါ့ကို သင်ကအမျက်ထွက်ပြီး ဆဲဆိုနေတယ်၊ ခြိမ်းခြောက်စကားတစ်ခွန်းမှ မဆိုတဲ့ငါ့ကို သင်ကခြိမ်းခြောက်စကားဆိုတယ်။ သင်ပြောဆိုသမျှ အရာအားလုံးကို ငါမခံယူဘူး။ မသုံးဆောင်ဘူး။ ငါက မခံယူ၊ မသုံးဆောင်တဲ့အတွက် သင်ဆဲဆိုခြိမ်းခြောက် သမျှတွေဟာ သင့်ဆီပဲရောက်တဲ့ အရာတွေဖြစ်တယ်။ သင့်ဥစ္စာတွေပဲ ဖြစ်တယ်။ ဆဲဆိုသူကို ပြန်လည်ဆဲဆိုမယ်၊ ခြိမ်းခြောက်သူကို ပြန်လည်ခြိမ်းခြောက်မယ်ဆိုရင် အပြန်အလှန်ခိုက်ရန် ဖလှယ်တာပါပဲ ဟူ၍ အကျယ်တဝင့် ဟောကြားဆုံးမတော်မူသည်။
မြတ်စွာဘုရားရှင်၏စကားကြောင့် အက္ကောသကဘာရဒွါဇပုဏ္ဏားသည် ဒေါသဖြစ်ခြင်း၏ အပြစ်များကို မြင်လာသည်။ သူ့အမှားကိုသိမြင်လာသည်။ အမျက်ထွက်သူကို ပြန်ပြီးအမျက်မထွက်ဘဲ နေနိုင်သူဟာ အောင်နိုင်သူဖြစ်ပါကလား ဟူ၍ သဘောပေါက်လာသည်။ သူ့အစ်ကိုပုဏ္ဏားကြီးကဲ့သို့ပင် သူသည်လည်း မြတ်ဗုဒ္ဓ၏သာသနာဝယ် ရဟန်းအဖြစ် ရောက်ရှိသွားသည်။ မကြာမြင့်မီမှာပင် ရဟန္တာအဖြစ်သို့ ရောက်ရှိသွားသည်။ ဤဖြစ်ရပ်ကိုသင်ခန်းစာယူ၍ လူမှုဆက်ဆံရေး နယ်ပယ်တွင် အမျက်ဒေါသထွက်သူကို ပြန်လည်အမျက်မထွက်ဘဲ အောင်နိုင်သူများဖြစ်ကြစေကြောင်း ရေးသားလိုက်ရပေသည်။ ။