အာဆီယံစီးပွားရေးဝန်ကြီးများနှင့် တရုတ်၊ ကိုရီးယား၊ ဆွစ်ဇာလန်၊ အပေါင်းသုံး စီးပွားရေးဝန်ကြီးများ အစည်းအဝေးများနှင့် မဲခေါင်-ဂျပန် စီးပွားရေးဝန်ကြီးများအစည်းအဝေးများကျင်းပ

နေပြည်တော်  စက်တင်ဘာ ၁၃

အာဆီယံစီးပွားရေးဝန်ကြီးများနှင့် တရုတ်၊ ကိုရီးယား၊ ဆွစ်ဇာလန်၊ အပေါင်းသုံး စီးပွားရေးဝန်ကြီးများ အစည်းအဝေးများနှင့် မဲခေါင်-ဂျပန် စီးပွားရေးဝန်ကြီးများအစည်းအဝေးများကျင်းပ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက် ၇ နာရီမှ စတင်၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် (၂၀)ကြိမ်မြောက် အာဆီယံ-တရုတ် စီးပွားရေးဝန်ကြီးများအစည်းအဝေး၊ (၁၈) ကြိမ် မြောက် အာဆီယံ -ကိုရီးယား စီးပွားရေးဝန်ကြီးများအစည်းအဝေး၊ (၁၃)ကြိမ်မြောက် မဲခေါင် - ဂျပန် စီးပွားရေးဝန်ကြီးများ အစည်း အဝေး၊ အာဆီယံ-ဆွစ်ဇာလန် Troika စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၂၄)ကြိမ်မြောက် အာဆီယံ-အပေါင်းသုံး စီးပွားရေး ဝန်ကြီးများ အစည်းအဝေးတို့ကို နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှ ပါဝင်တက် ရောက်သည်။

အစည်းအဝေးများသို့ အာဆီယံစီးပွားရေးဝန်ကြီးများ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဆွစ်ဇာလန်နိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အာဆီယံ-မဲခေါင် အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

(၂၀)ကြိမ်မြောက်  အာဆီယံ-တရုတ် စီးပွားရေးဝန်ကြီးများအစည်းအဝေးကို နံနက် ၇ နာရီတွင် စတင်ကျင်းပခဲ့ရာ အစည်းအဝေး သဘာပတိများအဖြစ် ဘရူနိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့်စီးပွားရေးဝန်ကြီး H.E. Dato Dr. Amin Liew Abdullah နှင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Mr. Wang Wentao တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ ကြသည်။ အစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးသက်ရောက်မှုများကို ကုစားနိုင်ရန် အတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်၊ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှု အခြေအနေ၊ အာဆီယံ-တရုတ် စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး အတွက် ပြင်ဆင်မှုများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီး က တရုတ်နိုင်ငံက  မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ဆေးကိရိယာများ လှူဒါန်းမှုကို ကျေးဇူးတင်ရှိကြောင်း၊ ကုန်သွယ်မှု ဆိုင်ရာ ထောက်ပံ့ပို့ဆောင်မှုကွင်းဆက်များ ပိုမိုခိုင်မာစေရေးအတွက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုအား ပုံမှန်ပြန်လည်ဖွင့်လှစ်ပေးရေး အထူးသဖြင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် အဓိကကျသည့် ရွှေလီနှင့် မူဆယ်ဂိတ်များဖွင့်လှစ်ခြင်းကို စဉ်းစားပေးရန် တရုတ်နိုင်ငံအား မေတ္တာရပ်ခံလိုကြောင်း၊ အာဆီယံနှင့် တရုတ်နိုင်ငံအကြား ကာလကြာရှည်စွာ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သည့်အတွက် အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ထပ်မံအဆင့်မြှင့်တင်ရေးအတွက် အလားအလာရှိသည့် နယ်ပယ်များသတ်မှတ်နိုင်ရန် ပူးတွဲဖြစ်နိုင် ခြေလေ့လာဆန်းစစ်မှု ဆောင်ရွက်မည့်ကိစ္စအပေါ် ထောက်ခံပါကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေး၌ ဝန်ကြီးများက နှစ်(၃၀) ပြည့် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် အာဆီယံနှင့် တရုတ်စီးပွားရေးဝန်ကြီးများ ပူးတွဲကြေညာချက်နှင့် (၂၀)ကြိမ်မြောက် အာဆီယံ-တရုတ် စီးပွားရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာချက်တို့ကို အတည်ပြုခဲ့သည်။

ဆက်လက်၍ (၁၈) ကြိမ်မြောက် အာဆီယံ-ကိုရီးယား စီးပွားရေးဝန်ကြီးများ အစည်း အဝေးကိုကျင်းပခဲ့ရာ ဘရူနိုင်းနိုင်ငံဝန်ကြီး ချုပ်ရုံး ဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့်စီးပွားရေး ဝန်ကြီး H.E. Dato Dr. Amin Liew Abdullah နှင့် ကိုရီးယားသမ္မတနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး H.E. Yeo Han-koo တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက် ခဲ့ကြသည်။ အစည်းအဝေး တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုများကို ပြန်လည်တုံ့ပြန်မှုများနှင့်  ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန် နယ်ပယ်များ၊ အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် အကောင် အထည်ဖော်မှု၊ အာဆီယံ-ကိုရီးယားစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းများ တိုးတက်မှုအခြေအနေတို့ကို ဆွေးနွေး ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုအခြေအနေများ၊ ထိန်းချုပ်မှု လုပ်ငန်း စဉ်များ၊ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုအခြေအနေကိုမျှဝေခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ၊ အာဆီယံ ဘက်စုံ ပြန်လည် ထူထောင်ရေးမူဘောင်နှင့် ဂျီအမ်အက်စ် လုပ်ငန်းအစီအစဉ်များနှင့်အညီ မြန်မာနိုင်ငံ စီးပွားရေးပြန်လည်ဦးမော့စေရေး စီမံချက်ကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပထမဦးစွာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံစုံကုန်သွယ်ရေးစနစ်ကျင့်သုံးဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေခြင်းနှင့် ဖြေလျှော့မှုများမြှင့်တင်ခြင်းဖြင့် ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ရန်၊ ဒုတိယအနေဖြင့် စီးပွားရေးနှင့်လူမှုရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန်အတွက်  အားလုံးပါဝင်ဆောင်ရွက်ရန်၊ တတိယအနေဖြင့် ဒစ်ဂျစ်တယ်နှင့် နည်းပညာတီထွင်ဆန်းသစ်မှုအခွင့် အလမ်းများ ကိုရှာဖွေရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

အစည်းအဝေးတွင် ဝန်ကြီးများက (၁၈) ကြိမ်မြောက် အာဆီယံ-ကိုရီးယား စီးပွားရေး ဝန်ကြီးများအစည်းအဝေး ပူးတွဲကြေညာ ချက်ကို အတည်ပြုခဲ့သည်။

မွန်းလွဲပိုင်းတွင် (၁၃)ကြိမ်မြောက် မဲခေါင်-ဂျပန် စီးပွားရေးဝန်ကြီးများအစည်းအဝေးကိုကျင်းပခဲ့ရာ လာအိုနိုင်ငံ စက်မှုနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Khampheng Saysompheng နှင့် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး H.E. Hiroshi Kajiyama တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်၌  ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် မဲခေါင်-ဂျပန်ထိပ်သီး အစည်းအဝေးနှင့် (၁၂)ကြိမ်မြောက် မဲခေါင်-ဂျပန် စီးပွားရေး ဝန်ကြီးများ အစည်းအဝေး၏ ဆွေးနွေးမှုရလဒ်များ၊ မဲခေါင်စက်မှုဖွံ့ဖြိုးတိုးတက်မှုမျှော်မှန်းချက် ၂ .၀ လုပ်ငန်းအစီအစဉ် အောက်မှ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းများ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေနှင့် ဂျပန်နိုင်ငံက အဆိုပြုလာ သည့် စီမံကိန်းများအပေါ်   အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီးက မဲခေါင်ဒေသနိုင်ငံများ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဂျပန်နိုင်ငံ၏ ကူညီပံ့ပိုး ပေးမှုအပေါ် များစွာကျေးဇူးတင်ရှိပါ ကြောင်း၊ ကိုဗစ်-၁၉ ကာလအလွန် စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုညီမျှစေရန်အတွက် မဲခေါင် စက်မှုဖွံ့ဖြိုးတိုးတက်မှုမျှော်မှန်းချက် ၂ .၀ သည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိနေသဖြင့် ယင်းလုပ်ငန်းအစီအစဉ်အောက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်း၏ ဖြစ်ပေါ် တိုးတက်မှုများအပေါ် ကြိုဆိုကြောင်း၊ ဂျပန်နိုင်ငံမှ အဆိုပြုထားသည့် ဒစ်ဂျစ်တယ် တီထွင်ဆန်းသစ်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ စီမံကိန်းများကို ကြိုဆိုကြောင်း၊  ဂျပန်နိုင်ငံအနေဖြင့် အရှေ့-အနောက် စီးပွားရေးစင်္ကြံဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းများအပေါ် ဆက်လက်ပံ့ပိုးပေးစေလိုကြောင်းနှင့် ဒစ်ဂျစ်တယ် အခြေပြုရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ မဟာဗျူဟာနှင့်စပ်လျဉ်း၍ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များ ပံ့ပိုးပေးစေ လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အာဆီယံ-ဆွစ်ဇာလန် Troika စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ဘရူနိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး H.E. Dato Dr. Amin Liew Abdullah နှင့် ဆွစ်ဇာလန်နိုင်ငံ စီးပွားရေးရာ၊ ပညာရေးနှင့် သုတေသနဌာန အကြီးအကဲနှင့် Swiss Confederation ၏ ဥက္ကဋ္ဌ H.E. Guy Parmelin တို့က ပူးတွဲသဘာပတိများ အဖြစ် ဆောင်ရွက်ခဲ့ကြသည်။ အစည်းအဝေးတွင် အာဆီယံနှင့် ဥရောပ လွတ်လပ်သောကုန်သွယ်မှုအဖွဲ့အကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကြေညာချက်(မူကြမ်း)နှင့် အာဆီယံနှင့် ဆွစ်ဇာလန်နိုင်ငံတို့အကြား လက်တွေ့ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်များ (၂၀၂၂-၂၀၂၆)အောက်ရှိ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး ပူးတွဲကြေညာချက်ကို အတည်ပြုခဲ့သည်။

ဆက်လက်၍ (၂၄)ကြိမ်မြောက် အာဆီယံအပေါင်းသုံး စီးပွားရေးဝန်ကြီးများအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ဘရူနိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့်   ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး H.E. Dato Dr. Amin Liew Abdullah၊ တရုတ်နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး  H.E. Wentao Wang၊ ဂျပန်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး H.E. Hiroshi Kajiyama နှင့် ကိုရီးယားသမ္မတနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့်  စွမ်းအင်ဒုတိယဝန်ကြီး  H.E. Dr. Yoonjong Chun တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ အစည်းအဝေးတွင် အာဆီယံအပေါင်းသုံး စီးပွားရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း အစီအစဉ်(၂၀၂၁-၂၀၂၂) အပေါ် ဝန်ကြီးများက ဆွေးနွေးအတည်ပြုခဲ့ကြပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုများ လျော့နည်းစေရေး အာဆီယံအပေါင်းသုံး လုပ်ငန်းစီမံချက်၏ ဖြစ်ပေါ်တိုးတက်မှု များကို မှတ်တမ်းတင်ခဲ့သည်။

အဆိုပါ အစည်းအဝေးများသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဆင့်မြင့် အရာရှိများ လည်း  တက်ရောက်ခဲ့ကြသည်။               

(၅၀၀)