နေပြည်တော် သြဂုတ် ၁၈
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့မွန်းလွဲ ပိုင်းတွင် Video Conference စနစ်ဖြင့် ကျင်းပသည့် အာဆီယံမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးမည့်ကိစ္စနှင့်ပတ်သက်သည့် Pledging Conference သို့ နိုင်ငံခြားရေးဝန်ကြီး ဌာန နေပြည်တော်မှတက်ရောက်ခဲ့သည်။
ယင်း “Pledging Conference” ကို အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi က အာဆီယံလူသားချင်း စာနာ ထောက်ထားမှုအကူအညီဆိုင်ရာညှိနှိုင်း ရေးမှူးအဖြစ် ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်ဖြစ်သူ ဘရူနိုင်းနိုင်ငံခြားရေး ဝန်ကြီး H .E. Dato Erywan Pehin Yusof ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး H.E. Prak Sokhonn၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး H.E. Retno Marsudi၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Teodoro L. Locsin Jr. ၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး H.E. Vivian Balakrishnan၊ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး H.E. Bui Thanh Son၊ လာအိုနိုင်ငံခြားရေးဒုတိယဝန်ကြီး H.E. Thongphane Savanphet နှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက် ခဲ့ကြသည်။
အစည်းအဝေး၌ အာဆီယံအတွင်းရေးမှူးချုပ်က အာဆီယံခေါင်းဆောင်များ၏တူညီဆန္ဒ(၅)ချက်၏ စတုတ္ထမြောက်အချက် နှင့်အညီ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန မှတစ်ဆင့် မြန်မာနိုင်ငံသို့ အာဆီယံ၏လူသား ချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေးကိစ္စရပ်များကို ရှင်းလင်းပြော ကြားခဲ့သည်။ အာဆီယံအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထား မှုအကူအညီများကို အဆင့်ဆင့်ဖြင့် ဆောင် ရွက်သွား မည်ဖြစ်ကြောင်း ရှင်းလင်းပြော ကြားခဲ့သည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအတွက် အာဆီယံ၏ပထမအဆင့် လူသားချင်း စာနာထောက်ထားမှုအကူအညီ များသည် ကိုဗစ်-၁၉ ကူးစက်ရောဂါအတွက် အရေးပေါ်လိုအပ်ချက်များအပေါ် အဓိက ထားမည် ဖြစ်ပြီး ဒုတိယအဆင့်သည် ပိုမို ကျယ်ပြန့်သော လူသားချင်းစာနာထောက် ထားမှုလိုအပ်ချက်များကို အလေးထားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
တက်ရောက်လာကြသော အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ သို့ လူသားချင်းစာနာထောက်ထားမှုအကူ အညီများပေးအပ်ရန်အတွက် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပြီး ငွေကြေးနှင့် အထောက် အပံ့ပစ္စည်းများလှူဒါန်းရန် ကတိ ကဝတ်ပြုရေးအတွက် ဆန္ဒရှိမှုကိုဖော်ပြခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက အာဆီယံအတွင်းရေးမှူးချုပ် H.E.Dato Lim Jock Hoi အား ယခု “Pledging Conference” ကျင်းပပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးက တက်ရောက် လာကြသူများကို မြန်မာနိုင်ငံသို့လှူဒါန်းမှုများနှင့် ကတိကဝတ်များအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ ကူးစက်ရောဂါကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်ရန်အတွက် ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ရေကြီး ရေလျှံမှုများ အပါအဝင် အခြားသဘာဝဘေးအန္တရာယ်များအတွက် ကြိုတင် ပြင်ဆင်ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ထိုသို့ဆောင်ရွက်နေမှုများအတွက် လိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီး က ယခုအစည်းအဝေးရလဒ်များသည် မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး တွင်သာမက ရေကြီးမှုတွင် ထိခိုက်နစ်နာ သူများအတွက် လိုအပ်ချက်များအတွက်ပါ အကူအညီဖြစ်စေမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရေးအတွက် အကောင်အထည်ဖော် ဆောင် ရွက်ခြင်းနှင့် ပို့ဆောင်ခြင်းလုပ်ငန်းများအတွက် မြန်မာနိုင်ငံအနေဖြင့် ပြင်ဆင်ထားရှိမှုများနှင့် အသင့်ရှိနေမှုတို့ကို ရှင်းလင်း ပြော ကြားခဲ့သည်။
အစည်းအဝေး၌ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘော ဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဥရောပသမဂ္ဂနှင့် နယူးဇီလန်နိုင်ငံတို့မှ ငွေကြေးအထောက် အပံ့အားဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၀၀၀၀၀၊ သြစတြေးလျဒေါ်လာ ၅ သန်းနှင့် ယူရို ၃၇၀၀၀၀ ကို လှူဒါန်းရန် ကတိပြုခဲ့ သည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ တရုတ် နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ ပစ္စည်းအားဖြင့် ကူညီမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့ကြ သည်။ ငွေကြေးနှင့် ပစ္စည်းအထောက်အပံ့ များအားလုံးကို အာဆီယံလူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးအပ်ရေးညှိနှိုင်း မှုဗဟိုဌာနမှတစ်ဆင့် လှူဒါန်းသွားမည်ဖြစ် သည်။
အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီး ဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
(၅၀၀)