အားသုံးအားမြင့်မားရေး ကြိုးစားပေး

အားသုံးအားမြင့်မားရေး ကြိုးစားပေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  စက်တင်ဘာ  ၁၁  ရက်)

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို မှန်ကန်စွာ တည်ဆောက်ရန်အတွက် နိုင်ငံတော်တာဝန်အရပ်ရပ်ကို ထမ်းဆောင်လျက်ရှိသည်မှာ ၇ လ ရှိပြီဖြစ်သည်။ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်ကာ နိုင်ငံတော် အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးများကို သတ်မှတ်အချိန် ကာလအတွင်း အောင်မြင်ပြီးမြောက်အောင် လုပ်ဆောင်လျက်ရှိပါသည်။

အထူးသဖြင့် နိုင်ငံတစ်နိုင်ငံ၏ အဓိက မောင်းနှင်အားဖြစ်သော နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အားနှင့် ကာကွယ်ရေးအင်အားတို့ ခိုင်မာတောင့်တင်းရေးကိုလည်း ဖြည့်ဆည်း ဆောင်ရွက်နေပါသည်။

ထို့ပြင်ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းအား ကျော်လွှားနိုင်ရေးကိုလည်း နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်တို့ လက်တွဲညီညီ ဖြေရှင်းလျက်ရှိသည်။ မြန်မာနိုင်ငံ၌ ဇွန်၊ ဇူလိုင်လတို့တွင် တတိယလှိုင်း စတင်ဖြစ်ပွားခဲ့ပြီး အခက်အခဲများ ဖြစ်ပေါ်ခဲ့သော်လည်း တာဝန်ရှိသည့် ခေါင်းဆောင်များ၏ မဆုတ်မနစ်သောဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်ကြိုးစား ဆောင်ရွက်မှုနှင့် ပြည်သူများ၏ အခက်အခဲကြားမှ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ယခုအခါ ၁ဝ ရာခိုင်နှုန်းခန့်သာ ကူးစက်မှု ရှိတော့သည်။ ရောဂါကူးစက်မှု မရှိစေရေးမှာ ပြည်သူတစ်ဦးချင်း၊ တစ်ဦးချင်းစီ စိတ်ရင်းအမှန်ဖြင့် လိုက်နာ ကာကွယ်မှု ပြုနိုင်လျှင် သည့်ထက်မက ကူးစက်မှုနှုန်း လျော့နည်းမည်ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ ကုသဆေးများကိုလည်း ရနိုင်သမျှ ဝယ်ယူဖြည့်ဆည်း ပေးလျက်ရှိသည့် အပြင် လူတိုင်းကာကွယ်ဆေး ထိုးနှံနိုင်ရေးကို အလေးထား လုပ်ဆောင်ပေးလျက်ရှိပါသည်။ ကာကွယ်ဆေးထိုးနှံမှုမှာ ပထမအကြိမ်တွင် ၂ ဒသမ ၁ သန်း၊ ဒုတိယအကြိမ်တွင် ၂ ဒသမ ၆ သန်းကျော် ထိုးနှံပြီးဖြစ်သည်။ ယခုလအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ဝ သန်း ရောက်ရှိမည်ဖြစ်ပြီး အောက်တိုဘာလတွင် ကာကွယ်ဆေး ၁ဝ သန်းနှင့် နိုဝင်ဘာလတွင် ကာကွယ်ဆေး ၄ သန်း ထပ်မံရောက်ရှိမည် ဖြစ်ကြောင်း သတင်းကောင်း ကြားသိရသည်မှာ ပြည်သူများအတွက် ဝမ်းသာဖွယ်ဖြစ်ပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂ဝ၂၁)သို့ တက်ရောက်အမှာစကား ပြောကြားရာတွင် ''ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုနှင့် ပတ်သက်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ မကျန်စေလိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်ဒေသများအပြင် ရခိုင်ပြည်နယ်ရှိ အကျုံးဝင်သူများကိုလည်း ကာကွယ်

ဆေးထိုးနှံပေးနိုင်ရေး စီစဉ်လျက်ရှိကြောင်း၊ မိမိအနေဖြင့် နိုင်ငံရေးအရ ဆောင်ရွက်ပေးနေခြင်း မဟုတ်ဘဲ နိုင်ငံ့အရေး၊ အမျိုးသားအရေးနှင့် နိုင်ငံ့အတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ပါတီစွဲ၊ လူပုဂ္ဂိုလ်အစွဲ မထားဘဲ လူသားတစ်ယောက် အနေဖြင့် တာဝန်သိသိ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေး ဆောင်ရွက်ရာတွင်  အားလုံးပါဝင်နိုင်ရေး ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း''ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ ကောင်းကျိုးကိုသာ ရှေးရှုလုပ်ဆောင်လျက်ရှိပြီး ထိုသို့ လုပ်ဆောင်မှု မှန်သမျှကိုလည်း ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းလျက်ရှိသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် အခြားဆေးပစ္စည်းများ ဝယ်ယူမှုနှင့် ပတ်သက်၍ အမေရိကန်ဒေါ်လာ ၁၆၉ သန်း အကုန်အကျခံ ဝယ်ယူခဲ့ပြီးဖြစ်ကြောင်း၊ ဆေးရုံ၊ ဆေးခန်းများပြုပြင်ခြင်း၊ ကိုဗစ်စင်တာများနှင့် လူမှုရေး အဖွဲ့အစည်းများအတွက် ငွေကျပ် ၅၆၆ ဘီလီယံ သုံးစွဲခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် အထွေထွေ ကိစ္စရပ်များအတွက် အမေရိကန်ဒေါ်လာ ၅ သိန်းကျော်ကိုလည်း သုံးစွဲခဲ့ပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများအတွက် သုံးစွဲရန်ဘဏ္ဍာငွေကိုလည်း အဆင်သင့်ပြင်ဆင်ထားကြောင်းသိရှိရသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါပပျောက်ရေး အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေသကဲ့သို့ ပြည်သူတစ်ဦးချင်းကလည်း ရောဂါကူးစက်မှု မခံရရေး ကိုယ်စီအသိ၊ သတိနှင့် နေထိုင်ကြရမည်ဖြစ်သည်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်နေမှသာ နိုင်ငံရေးစွမ်းအား၊ စီးပွားရေးစွမ်းအား၊ ကာကွယ်ရေး စွမ်းအားတို့ မြင့်မားရေးကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ကျန်းမာရေး ကောင်းမွန်မှ နိုင်ငံ့အရေးကို လုပ်ဆောင်နိုင်မည်။ စီးပွားရေးလုပ်ငန်းများ ရှင်သန်မည်။

တိုင်းပြည်ကာကွယ်ရေး တောင့်တင်းမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အခြားသော နိုင်ငံများထက် သာလွန်သည်မှာ စိုက်ပျိုးမွေးမြူရေးကို အခြေခံသော နိုင်ငံဖြစ်သည့်အတွက် အစားအစာ မလုံလောက်ခြင်းကို စိုးရိမ်ဖွယ် မရှိသော အနေအထားဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက် (၉)ရပ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး ဟူ၍ ရည်မှန်းချက်ထားရှိသည်။ အနှစ်ချုပ်ဆိုရလျှင် အားသုံးအားမြင့်မားရေး အတွက်အခြေခံ ဖြစ်သောကျန်းမာရေးကို ပြည်သူအားလုံးက အထူးဂရုပြု ဆောင်ရွက်ကြရန် ရေးသားလိုက်ရပေသည်။   ။