အိန္ဒိယနိုင်ငံအတွင်း သွားလာခဲ့သည့်  စီအိုင်အေအရာရှိ တစ်ဦး ဟာဗားနားရောဂါ လက္ခဏာ ခံစားရ

အိန္ဒိယနိုင်ငံအတွင်း သွားလာခဲ့သည့်  စီအိုင်အေအရာရှိ တစ်ဦး ဟာဗားနားရောဂါ လက္ခဏာ ခံစားရ

ယခုလအတွင်း စီအိုင်အေ ညွှန်ကြားရေးမှူးနှင့်အတူ အိန္ဒိယနိုင်ငံအတွင်း သွားလာခဲ့သည့်  စီအိုင်အေ အရာရှိတစ်ဦးသည် ဟာဗားနားရောဂါ လက္ခဏာကို  ခံစားရကြောင်း သိရသည်။

အမေရိကန်အစိုးရ တာဝန်ရှိသူများ အနေဖြင့် ၂ဝ၁၆ ခုနှစ်မှစ၍  ထူးဆန်းသော ထိုရောဂါလက္ခဏာကို ခံစားခဲ့ရခြင်းဖြစ်ပြီး ယခုအခါ အဆိုပါရောဂါ ဖြစ်ပွားမှုမြင့်တက်လာသည်ကို တွေ့ရသည်။

ထိုကဲ့သို့ရောဂါခံစားရသည့် အခြေအနေများနှင့် ပတ်သက်၍  တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး   စီအိုင်အေ ညွှန်ကြားရေးမှူး  ဝီလီယံဘန်းနှင့် အတူ ခရီးသွားခြင်းဖြစ်သည့်တိုင်   ထိုအရာရှိကိုပင် ပစ်မှတ်ထား လုပ်ဆောင်ခြင်း ရှိ၊ မရှိ သို့မဟုတ် အခြားသော အကြောင်းပြချက်များ ရှိ၊ မရှိနှင့်ပတ်သက်၍    တာဝန်ရှိသူများ တိတိကျကျ   မထုတ်ပြန်နိုင်သေးကြောင်း သိရသည်။

အမေရိကန် တာဝန်ရှိသူများကမူ ထိုသို့ ဖြစ်ရခြင်းသည် ရန်ဘက်ထောက်လှမ်းရေးအဖွဲ့များ၏ လက်ချက်ဖြစ်သည်ဟု တစ်ထစ်ချ မှတ်ယူထားသည်။

လက်ရှိအချိန်အထိ ဟာဗားနားရောဂါ လက္ခဏာခံစားရသည့် အမေရိကန် တာဝန်ရှိသူများ အားလုံးအနက် ထက်ဝက်နီးပါးမှာ စီအိုင်အေ အရာရှိများဖြစ်ပြီး   အခြားသူများမှာ   သံတမန်များနှင့် စစ်ဘက်တပ်ဖွဲ့ဝင်များ ဖြစ်သောကြောင့်  ထိုကိစ္စနှင့် ပတ်သက်၍  စီအိုင်အေက ဦးစားပေး စုံစမ်းစစ်ဆေးနေသည်။

ပြီးခဲ့သည့်လတွင်    ဗီယက်နမ်နိုင်ငံရှိ အမေရိကန် တာဝန်ရှိသူတစ်ဦးက ဟာဗားနားရောဂါလက္ခဏာ ခံစားနေရသည်ဟူသော သတင်းထွက်ပေါ်လာသည့် အတွက် အမေရိကန် ဒုတိယသမ္မတ ကမ်မလာဟားရစ်၏ ဗီယက်နမ်နိုင်ငံ ခရီးစဉ်မှာ   သုံးနာရီခန့်ကြန့်ကြာဖူးကြောင်း သိရသည်။