အိန္ဒိယနိုင်ငံ၌ ဧပြီ ၂၅ ရက် တစ်ရက်တည်းတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ၃၄၉၆၉၁ ဦးဖြင့် နေ့စဉ်ရောဂါဖြစ်ပွားသူ အရေအတွက် လေးရက်ဆက်တိုက် ကမ္ဘာ့စံချိန်တင်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတစ်ဝန်းနှင့် နယူးဒေလီမြို့ရှိ ဆေးရုံများ အနေဖြင့် အောက်ဆီဂျင်ဘူးနှင့် လူနာခုတင်များ ပြတ်လပ်ပြီးနောက် လူနာများကို လက်ခံနိုင်ခြင်း မရှိကြောင်း သိရသည်။
ထို့ပြင် လူနာမြင့်တက်လာမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိတော့ကြောင်း အရေးပေါ် သတိပေးချက်များကိုလည်း ဆေးရုံများနှင့် ဆရာဝန်များက ထုတ်ပြန်ထားသည်။
လူအချို့ကလည်း ဆေးရုံအပြင်ဘက်၌ လူနာထမ်းစင်များနှင့် အောက်ဆီဂျင် ဘူးများကိုစီစဉ်နေပြီး လူနာများကို ဆေးရုံထဲ ဝင်ခွင့်ပြုရန် တာဝန်ရှိသူများကို အသနားခံလျက်ရှိသည်။
နိုင်ငံ၌ တစ်ရက်အတွင်း ရောဂါဖြစ်ပွားသူ အရေအတွက် ၁ဝဝဝဝ အောက်သို့ ကျဆင်းစဉ် ဘာသာရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပခွင့်ပြုမှု အပါအဝင် ကျန်းမာရေးစနစ် တိုးမြှင့်မှုမရှိခြင်း အပေါ် အစိုးရအနေဖြင့် အပြစ်တင်ဝေဖန် ခံနေရသည်။