အုန်းရည်ဟာ လူတွေအတွက်ကောင်းကျိုးတွေပေးတယ် ဆိုတာတော့ အားလုံးက အကြမ်းဖျင်းသိရှိထားကြပါတယ်။ ဒါပေမဲ့ ဘယ်လိုကောင်းကျိုးတွေပေးတယ်ဆိုတာကိုတော့ သာမန်အားဖြင့် ဘယ်သူမှအသေးစိတ်မသိကြပါဘူး။
တကယ်တမ်းကျတော့ အုန်းရည်မှာ သဘာဝအလျောက် အချိုဓာတ်သာမက ရေဓာတ်အပြင် လူတွေအတွက် အရေး တကြီးလို အပ်တဲ့ သတ္တုဓာတ်တွေများစွာ ပါဝင်ပါသေးတယ်။
ဒါကြောင့် အုန်းရည်သောက်ခြင်းကြောင့် ရရှိလာမယ့်ကောင်းကျိုးခုနစ်ဖြာကို စာချစ်သူများသိရှိပြီး ဗဟုသုတတိုးပွားစေဖို့ ရည်ရွယ် တင်ပြလိုက်ရပါတယ်။
၁။ အာဟာရဓာတ်များစွာအတွက် အရင်းအမြစ်
အုန်းပင်တွေဟာ အပူပိုင်းရာသီဥတုမှာသာ အများဆုံးပေါက်ရောက်ပါတယ်။ အုန်းပင်ကနေ သီးတဲ့အသီးကိုတော့ အုန်းသီးလို့ ခေါ်ပြီး ရုက္ခဗေဒနည်းအရပြောမယ်ဆိုရင် သူ့ကိုသစ်သီးစာရင်းထဲမှာသွင်းလို့ရပါတယ်။
အုန်းရည်ဆိုတာကတော့ သာမန်အားဖြင့် သက်တမ်းနုတဲ့ အုန်းသီးအတွင်းမှာ တွေ့ရတဲ့အရည်ကိုခေါ်တာပါ။ မြန်မာလိုဆိုရင် အုန်းစိမ်းရည်ပေါ့။ အဲဒီအုန်းရည်က အုန်းသီးအတွက်လိုအပ်တဲ့အာဟာရကိုထုတ်ပေးပါတယ်။ အုန်းသီးတစ်လုံးဟာ အသီးကင်းလေး တွေထွက်ချိန်ကနေ ရင့်တဲ့အချိန်အထိဆိုရင် ၁၀ လကနေ ၁၂ လအထိ ကြာတတ်ပါတယ်။
တကယ်လို့ ရင့်မှည့်သွားပြီဆိုရင် အုန်းရည်တချို့က အုန်းသီးအသားအဖြစ်ပြောင်းသွားပေမယ့်လည်း အတွင်းထဲမှာ တော့ အရည် တချို့တစ်ဝက် ကျန်ပါသေးတယ်။ ဒါပေမဲ့ အုန်းသီးသက်တမ်း ၆ လ၊ ၇ လဝန်းကျင်မှာ အုန်းရည်ပမာဏအများအပြားကို ရတတ် ပါတယ်။
အုန်းရည်မှာပါဝင်တဲ့ အဓိကအရာကတော့ ရေဓာတ်ပါ။ ၉၄ ရာခိုင်နှုန်းအထိပါဝင်ပါတယ်။ အဆီဓာတ်အနည်းငယ် လည်းပါပါတယ်။ အုန်းနို့မှာတော့ ရေဓာတ် ၅၀ ရာခိုင်နှုန်းနဲ့ အဆီဓာတ်မြင့်မားစွာပါဝင်ပါတယ်။ အုန်းရည်တစ်ဖန်ခွက်စာပမာဏဖြစ်တဲ့ ၂၄၀ မီလီလီတာမှာ ကယ်လိုရီ ၆၀ အပြင် နောက်ထပ်ပါဝင်တဲ့ သတ္တုဓာတ်တွေကတော့ ကစီဓာတ် ၁၅ ဂရမ်၊ သကြားဓာတ် ၈ ဂရမ်၊ ကယ်လစီယမ်ဓာတ်က နေ့စဉ်လိုအပ်တဲ့ပမာဏရဲ့ ၄ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်ဓာတ် ၄ ရာခိုင်နှုန်း၊ ဖော့စဖရတ် ၂ ရာခိုင်နှုန်း၊ ပိုတက်ဆီယမ် ၁၅ ရာခိုင်နှုန်း တို့ဖြစ်ပါတယ်။ ဒါကြောင့်ပြောရမယ်ဆိုရင် အုန်းရည်ဆိုတာ အများအားဖြင့် အုန်းစိမ်းရည်ကို ခေါ်တာဖြစ်ပြီး အရေးပါတဲ့သတ္တုဓာတ် များစွာအတွက် ပင်မအရင်းအမြစ်ကြီးဖြစ်နေပါတယ်။
၂။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝရာ
မိမိတို့ရဲ့ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ဖြစ်နေစဉ်အတောအတွင်း ကလာပ်စည်းတွေမှာ မတည်ငြိမ်တဲ့ မော်လီကျူးလေးတွေ ထွက်ပေါ် လာစေပါတယ်။ စိတ်ဖိစီးမှုဖြစ်ချိန် ဒါမှမဟုတ် ထိခိုက် ဒဏ်ရာရချိန်မှာဆိုရင် အဲဒီမော်လီကျူးလေးတွေထွက်ရှိမှုက ပိုလို့သာ တိုးမြင့်လာ ပါတယ်။
တကယ်လို့သာ အဲဒီမော်လီကျူးလေးတွေထွက်ရှိမှု အဆမတန်များလာပြီဆိုရင်တော့ ကလာပ်စည်းလေးတွေကို ပိုမိုပျက်စီးစေပြီး ရောဂါဖြစ်ပွားမှုကိုလည်း မြင့်တက်စေပါတယ်။ ဒါပေမဲ့ အုန်းရည်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကလာပ်စည်းတွေ ကိုထိခိုက်မှုမရှိစေဖို့ မော်လီကျူးလေးတွေကိုပြုပြင်ပြောင်းလဲမှုလုပ်ရာမှာ ကူညီပေးပါတယ်။
ဒါနဲ့ပတ်သက်ပြီး ၂၀၁၂ ခုနှစ် သုတေသနတစ်ခုမှာဖော်ပြထားတာက အင်ဆူလင်မတိုးတော့ဘဲ အချိုဓာတ်အလွန်မြင့်မားနေတဲ့ ကြွက်တွေကို အုန်းရည်အသုံးပြုပြီးကုသလိုက်တာ နေပြန်ကောင်းသွားတယ်လို့ဆိုပါတယ်။ မတည်ငြိမ်တဲ့ မော်လီကျူးတွေ လှုပ်ရှားမှု ကျဆင်းသွားတာနဲ့အမျှ သွေးပေါင်ချိန်လည်းကျ၊ အဆီဓာတ်လည်းကျ၊ အင်ဆူလင်ပမာဏလည်း ထိန်းညှိပြီး သားဖြစ်သွား ပါတယ်။
၂၀၁၄ ခုနှစ် သုတေသနတစ်ခုမှာတော့ ပျက်စီးသွားတဲ့ ကြွက်ရဲ့အသည်းကို အုန်းရည်အသုံးပြုပြီးကုသရာမှာ ဘယ်လိုကုသမှုမှ မခံယူတာနဲ့နှိုင်းယှဉ်ရင် ဓာတ်တိုးပစ္စည်းကြောင့်ဖြစ်တဲ့ ဖိအား သိသိသာသာလျော့ကျသွားတာကို တွေ့ရပါတယ်။
၂၀၁၆ ခုနှစ် သုတေသနမှာကျတော့ အဝလွန်နေတဲ့ကြွက်တွေကို အုန်းရည်တိုက်ကြည့်တဲ့အခါ အုန်းရည်က ကိုလက်စထရော ပမာဏကိုကျဆင်းစေရုံသာမက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအာနိသင်ထွက်လာတာကိုလည်း တွေ့ရတယ်လို့ဆိုပါ တယ်။ ဒါကြောင့် အုန်းရည်ထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာ သေချာပေမယ့် စိတ်မကောင်းစရာတစ်ခုကတော့ အဲဒါနဲ့ပတ်သက်ပြီး လူတွေနဲ့လုပ်ထားတဲ့ သုတေသနမရှိသေးတာပါပဲ။
၃။ သွေးတွင်းသကြားဓာတ်ကိုလျော့နည်းစေတာ
ဒီအချက်ကတော့ ဆီးချိုသမားတွေအတွက် သတင်းကောင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ အုန်းရည်ဟာ သွေးတွင်း သကြားဓာတ်ကို လည်း လျှော့ချပေးနိုင်တယ်ဆိုတာကို သုတေသနတွေမှာတွေ့ရှိထားလို့ပါ။
၂၀၁၅ ခုနှစ် သုတေသနတစ်ခုမှာ ဆီးချိုရောဂါရှိတဲ့ကြွက်တွေကို အုန်းရည်နဲ့ကုသလိုက်ရာ သွေးတွင်း သကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးရုံသာမက ဟီမိုဂလိုဘင်ပမာဏကိုလည်း ကျဆင်းစေတာကြောင့် သွေးတွင်း သကြားဓာတ်ကို ရေရှည်ထိန်းညှိ ပေးနိုင်စွမ်းရှိပါတယ်။
ဒီနှစ်အတွင်းမှာပဲလုပ်တဲ့ သုတေသနတစ်ခုကျတော့ ဆီးချိုရှိတဲ့ကြွက်တွေကိုအုန်းရည်နဲ့ကုသရာမှာ အုန်းရည်က သွေးတွင်း ဂလူးကို့(စ်) ဓာတ်ကို ကျဆင်းစေတယ်ဆိုတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် အုန်းရည်ကြောင့် သွေးတွင်း သကြားဓာတ်နဲ့ ပတ်သက်ပြီးရရှိတဲ့ အကျိုးကျေးဇူးတစ်ခုက အုန်းရည်မှာ မဂ္ဂနီဆီယမ်ဓာတ်တွေပါဝင်တဲ့အတွက် အမျိုးအစား ၂ ဆီးချို ဝေဒနာ ရှင်တွေနဲ့ ဆီးချိုရောဂါဖြစ်ခါနီးလူတွေမှာ အင်ဆူလင်တုံ့ပြန်မှုကို မြင့်တက်စေပြီး သွေးတွင်းသကြားဓာတ်ပမာဏကို ကျဆင်း စေခြင်းဖြစ်ပါတယ်။
ဒါပေမဲ့တစ်ခုရှိတာက အုန်းရည်မှာ ကာဗိုဟိုက်ဒရိတ်ဓာတ်ပါတဲ့အတွက် ဆီးချိုဝေဒနာရှင်တွေနဲ့ ဆီးချိုရောဂါဖြစ်ခါနီး လူတွေ ကတော့ အုန်းရည်ကိုသောက်သင့် မသောက်သင့်နဲ့ပတ်သက်ပြီး ဆရာဝန် ဒါမှမဟုတ် အာဟာရပညာရှင်ရဲ့ လမ်းညွှန်ချက်ကိုခံ ယူသင့်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
Ref: Healthline
ကိုထက်