အောင်မြေသာစံမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် မြန်အောင်မြို့နယ်တို့တွင် ဆူပူအကြမ်းဖက်သူများက အုပ်ချုပ်ရေးမှူးရုံး၊ ရဲကင်းစခန်းများနှင့် အဆောက်အဦများအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ မတ် - ၂၈

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ၁၉ လမ်းနှင့် ၈၉ လမ်းထောင့်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးမှူးရုံးအား မတ် ၂၇ ရက် ည ၈ နာရီ ၄၅ မိနစ် ခန့်တွင် ဆူပူအကြမ်းဖက်သူအင်အား ၁၅၀ ဦးခန့်က မီးပုလင်းများ၊ မီးကွင်းများဖြင့် လာရောက် ပစ်ပေါက်ခဲ့ရာ မီးလောင်မှုစတင်ဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုးပျဉ်ခင်း မြေစိုက် ၂ ထပ်ရုံးမီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့နံနက် ၂ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်၊ ယုဇနအိမ်ရာ၊ ြ ဘလောက်၊ ပိတောက်လမ်းရှိ ပေ ၃၀ ပတ်လည်ခန့်ရှိ တပ်ထပ်သွပ်မိုး အုတ်ကာအဆောက်အဦအား ဆူပူအကြမ်းဖက်သူလူတစ်စုက မီးရှို့ခဲ့မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင် များက မီးသတ်ယာဉ် ၂ စီးဖြင့် သွားရောက်ငြှိမ်း သတ်ခဲ့ရာ နံနက် ၃ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။

ထို့အတူ ယနေ့န့နက် ၂ နာရီခွဲခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ ဘန့်ဘွေးကုန်းကျေးရွာရှိ ယာယီရဲကင်းစခန်းအား ဆူပူအကြမ်းဖက်သူလူတစ်စုက မီးရှို့ခဲ့မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့သဖြင့် နံနက် ၃ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အထက်ပါမီးလောင်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ဦးဆောင်သူများနှင့် ပါဝင်ပတ်သက် သူများအား တရားဥပဒေနှင့်အညီ ထိထိရောက်ရောက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် အမြန်ဆုံးဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။