ဥပဒေနှင့်မညီသော ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများအားလိုင်စင်ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ကြေညာခြင်း

 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ (၂)ရပ်ကွက်၊ (၃)လမ်းနေ ပြင်ပဆရာဝန် ဒေါက်တာ ဝေယံဦး သည် ပုဂ္ဂလိကဆေးခန်းဖြစ်သည့် ထူးဝေဆေးခန်း၌ ဆေးကုသနေပြီး မအူပင်ဆေးရုံမှ OPD စာအုပ်ဖြင့် ဆက်လက်ဆေးကုသရန်လိုအပ်နေသော လူနာများအား ၎င်း၏ဆေးခန်းတွင် အခမဲ့ ဆက်လက်ကြည့်ရှုပေးမည်ဖြစ်ကြောင်းနှင့် မအူပင်ခရိုင်ပြည်သူ့ဆေးရုံ၏ CDM ပြုလုပ်ခြင်းအား အပြည့်အဝထောက်ခံကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြပြီး တာဝန်ထမ်းဆောင် နေသော နိုင်ငံ့ဝန်ထမ်းဆရာဝန်များအား CDM ပြုလုပ်ရန် အားပေးလှုံ့ဆော်မှုပြုသဖြင့် ၎င်းအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူထားရှိပြီးဖြစ်ပါသည်။

 ထို့အတူ မအူပင်မြို့၊ (၁၀)ရပ်ကွက်၊ မင်းလမ်းရှိ မိုးပြည့်စုံဆေးခန်း၌ ဆေးကုသနေသော ပြင်ပ ဆရာဝန် ဒေါက်တာ နိုင်ထူး သည်လည်း ဆူပူဆန္ဒပြမှုများတွင် ဦးဆောင်ပါဝင်ခဲ့သဖြင့် ၎င်းအား သက်ဆိုင်ရာရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူထားရှိပါသည်။

 နိုင်ငံ့ဝန်ထမ်းဆရာဝန်များအား CDM ပြုလုပ်ရန်အားပေးလှုံ့ဆော်ခြင်း၊ ဆူပူဆန္ဒပြခြင်းများ တွင် ဦးဆောင်ပါဝင်ခြင်းကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရအရေးယူခြင်းခံရသည့် ဒေါက်တာ ဝေယံဦး နှင့် ဒေါက်တာ နိုင်ထူး တို့လက်ခံဆေးကုသနေသည့် ထူးဝေဆေးခန်းနှင့် မိုးပြည့်စုံဆေးခန်း တို့အား ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေနှင့်အညီ လိုင်စင်ပယ်ဖျက်သွားမည်ဖြစ်ပါသည်။

 ဆက်လက်၍လည်း ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်ပြီး ဆရာဝန်ကျင့်ဝတ်၊ နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်တို့နှင့်မညီဘဲ CDM ပြုလုပ်နေသော ဆရာဝန်များနှင့် ယင်းဆရာဝန်များကို လက်ခံ ထားသော ပုဂ္ဂလိက‌ဆေးရုံ၊ ဆေးခန်းများ၊ CDM ပြုလုပ်ရန်လှုံ့ဆော်ခြင်း၊ ဆူပူဆန္ဒပြမှုများတွင် ကိုယ်တိုင်ပါဝင်ခြင်းများကြောင့် ဥပဒေအရအမှုဖွင့်အရေးယူခံရသည့် ဆရာဝန်များ၏ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကိုလည်း လိုင်စင်ပယ်ဖျက်ပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်း ထုတ်ပြန်ထားပါသည်။