ဘန်ကောက်၊ ကျန်းမာရေး
ဥရောပသမဂ္ဂက ပို့ကုန်တင်ပို့မှုကို ထိန်းချုပ်ကာ ပိတ်ဆို့မှုအချို့ချမှတ်လိုက်ခြင်းကြောင့် ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံ အတွက်ဝယ်ယူထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အာရှဒေသရှိ နိုင်ငံတစ်နိုင်ငံမှ တင်သွင်းမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်တွင်ထုတ်ပြန်သည်။
ထိုင်းနိုင်ငံအနေဖြင့် အက်စထရာဇီနီကာကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးတစ်သိန်းခွဲ အနက် ပထမအသုတ်ဖြစ်သည့် ၅၀၀၀၀ ကို ယခုလကုန်တွင်တင်သွင်းရမည်ဖြစ်သော်လည်း ကြိုတင်စီစဉ် ထားသည့်အတိုင်း ဥရောပဒေသမှမဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီး အနူတင်ချန်ဗီရာကူးက ပြောသည်။
ဥရောပသမဂ္ဂသည် ၎င်းတို့ကြိုတင်ဝယ်ယူထားသည့် ကာကွယ်ဆေးအရေအတွက် အပြည့်အဝရရှိစေရေး အတွက် ဥရောပဒေသထုတ်ကာကွယ်ဆေးတင်ပို့မှုကို ပြီးခဲ့သည့်သီတင်းပတ်မှစ၍ မတ်လ အထိကန့်သတ် လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် အက်စထရာဇီနီကာကုမ္ပဏီက အာရှဒေသရှိ နိုင်ငံတစ်နိုင်ငံမှ ပေးပို့ သွားမည်ဖြစ်ပြီး လုံခြုံရေးအတွက်မည်သည့် နိုင်ငံမှဖြစ်သည်ကို ထုတ်ဖော်ပြောမည်မဟုတ်ကြောင်း ထိုင်း ကျန်းမာရေးဝန်ကြီးကပြောသည်။
သို့သော် အာရှဒေသတွင် အက်စထရာဇီနီကာကုမ္ပဏီမှ ဆေးဝါးများကို ထုတ်လုပ်ပေးနေသည့်နှစ်နိုင်ငံမှာ တောင်ကိုရီး ယားနှင့် အိန္ဒိယတို့ဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံဆီနိုဗက်ဘိုင်အိုတက် ကုမ္ပဏီကလည်း ထိုင်း နိုင်ငံကမှာယူထားသည့် ကာကွယ်ဆေးပထမ အသုတ်ဖြစ်သောအရေအတွက် နှစ်သိန်းကိုဖေဖော်ဝါရီလ ကုန်တွင် တင်ပို့သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ဆက်ပြောသည်။ ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံ အတွင်းကာကွယ်ဆေး ထိုးအစီအစဉ်အတွက် အက်စထရာဇီနီကာကုမ္ပဏီထုတ်ကာကွယ်ဆေး များကို အသုံးပြုသွားမည်ဖြစ်ပြီး ထိုဆေးများကိုလည်း နိုင်ငံအတွင်းရှိ ဘုရင်ပိုင်ဆေးဝါး စက်ရုံမှထုတ်လုပ် သွား မည်ဖြစ်သည်။
အဆိုပါဆေးဝါးစက်ရုံအနေဖြင့် အက်စထရာဇီနီကာကုမ္ပဏီ ထုတ်ကာကွယ်ဆေးအလုံးပေါင်း ၂၆ သန်းကို ထုတ်လုပ် သွားမည်ဖြစ်ပြီး ဇွန်လမှစ၍ တစ်နိုင်ငံလုံးကာကွယ်ဆေးထိုး အစီအစဉ်ကို စတင်မည်ဖြစ်ကြောင်း သိရသည်။
Ref: TST