၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး အထူးနည်းပြ သင်တန်းဖွင့်ပွဲကျင်းပ
ရန်ကုန် ဩဂုတ် ၂၀
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး အထူးနည်းပြ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးသန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ၊ ဗဟိုအဆင့်နည်းပြ သင်တန်းဆင်းများ၊ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး တိုင်းဒေသကြီး အထူးနည်းပြ သင်တန်းသား/ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးသန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းအတွက် လိုအပ်သည်များသုံးစွဲနိုင်ရန် ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ၁၂ ဦး ၊ သင်တန်းသူ ၃၃ ဦးတို့တက်ရောက်ပြီး ဩဂုတ်လ ၃၀ ရက်အထိ ၁၀ ရက်ကြာဖွင့်လှစ်၍ နည်းပြများအနေဖြင့် ဗဟိုအဆင့် နည်းပြသင်တန်း တက်ရောက်ခဲ့ကြ သောနည်းပြများက သန်းခေါင်စာရင်း ဆိုင်ရာ အဓိက သဘောတရားများ၊ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများနှင့် လက်တွေ့ လေ့ကျင့်ခန်းများကို ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် ဆွေးနွေးပို့ချပေး ပြီး အပြန်အလှန်ဆွေးနွေးခြင်း၊ ပဟေဠိအမေးအဖြေများ မေးမြန်းခြင်းတို့ကို လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူမည့် ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက် ဖွင့်လှစ်သော တိုင်းဒေသကြီး အထူးနည်းပြ သင်တန်းဖြစ်ကြောင်း သိရသည်။