(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တောင်ငူအထွေထွေ ရောဂါကုဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

 

နေပြည်တော်၊ ဇန်နဝါရီ - ၃

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တောင်ငူအထွေထွေ ရောဂါကုဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့၊ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ပြုလုပ်ရာ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ် ဆရာတော် ဘဒ္ဒန္တတိက္ခသာရ ကြွရောက်တော်မူပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆေးရုံကြီးမှ ဒေါက်တာ စောဘိုဇော်ဝင်း နှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီတဂူကေတုမတီဗုဒ္ဓ တက္ကသိုလ် ကျောင်းအုပ် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြသည်။ ထို့နောက် ဒေါက်တာ စောဘိုဇော်ဝင်းက သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ် ဆရာတော်အား ကျေးဇူးတင် စကားပြန်လည် လျှောက်ထားသည်။

၎င်းနောက် တိုင်းမှူးနှင့် အလှူရှင်များက သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် မောင်ဗမာ ဆွမ်းစားဆောင်ရှေ့၌ ကျန်းမာရေးဝန်ထမ်း ၁၀၈ ဦးတို့အတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။