(၇၃ )ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲအခမ်းအနားတွင် မိန့်ကြား တော်မူအပ်သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ သာရဏီယ သြဝါဒကထာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊

သာသနာရေးဦးစီးဌာနကကြီးမှူးကျင်းပသော

(၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ

ချီးကျူးပူဇော်ပွဲအခမ်းအနားတွင် မိန့်ကြားတော်မူအပ်သော

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ

(အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)

ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ

(ဝဋံသကာ၊ ပါဠိသိရောမဏိ)၏ သာရဏီယသြဝါဒကထာ

[၁၃၈၃ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် (၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်) စနေနေ့]

(၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး(သဘောရေးဖြေ)စာမေးပွဲကြီးတွင် ဒီဃနိကာယကောဝိဒ၊ ဝိနယကောဝိဒ၊ ဥဘတော ဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ် ခံယူကြမည့်သာသနာ့အာဇာနည်အရှင်မြတ် ၁၁ ပါးတို့နှင့်တကွ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအမှူးပြုသည့် ဒါယကာ၊ ဒါယိကာမ အပေါင်းသူတော်ကောင်း တို့အား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကိုယ်စား အမှတ်ရဖွယ် အောက်မေ့ဖွယ်ရာဖြစ်သော သာရဏီယသြဝါဒစကား မြွက်ကြားလိုပေသည်။

စာအောင်သာသနာ့အာဇာနည်အရှင်မြတ်တို့ဘုရား-

ကျင်းပပြီးစီးခဲ့သော (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးသည် ၄၅ ဝါကာလပတ်လုံး လူ၊ နတ်၊ ဗြဟ္မာသတ္တဝါအပေါင်းတို့အား မြတ်စွာဘုရားရှင် ဟောကြား တော်မူအပ်သောသုတ်၊ ဝိနည်း၊ အဘိဓမ္မာ သုံးဖြာသော ပိဋကတ်တို့ကို စာအုပ်စာပေကျောက်စာတို့ဖြင့် အပြင်ပိုင်း ဗဟိဒ္ဓ၌ မပျောက်ပျက်အောင် ထိန်းသိမ်းရုံမကဘဲ သာသနာ့အာဇာနည် အရှင်မြတ်များ၏ အတွင်းပိုင်း အဇ္ဈတ္တသန္တာန်၌ အစဉ်ထာဝရကိန်းဝပ်တည်ရှိနေအောင် ရည်ရွယ်ကျင်းပသည့် စာမေးပွဲ ကြီးဖြစ်ကြောင်းကို နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များ၊ တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် စာအောင်သာသနာ့အာဇာနည် အရှင်မြတ်များ သိရှိတော်မူကြပြီး ဖြစ်ပါသည်ဘုရား။ အသက်မရှိသော စာအုပ်စာပေ ကျောက်စာများ၌ ကိန်းဝပ်တည်ရှိသော ပိဋကတ်စာပေထက် အသက်ရှိသော ပုဂ္ဂိုလ်များ၌ ကိန်းဝပ်တည်ရှိသော ပိဋကတ်စာပေများက မိမိအကျိုးနှင့်အများအကျိုးတို့ကို ပိုမိုဆောင်ရွက်နိုင်သည့်အပြင် မြတ်စွာဘုရားရှင်၏ ရည်ရွယ်ချက် နှင့်လည်းကိုက်ညီလျက်ရှိပါသည်ဘုရား။ ပိဋကတ်စာပေများကို အရအမိ နှုတ်ငုံဆောင်ခြင်း၊ ခက်ခဲနက်နဲသော သဘောအဓိပ္ပာယ်များကို သိရှိကျွမ်းကျင်လိမ္မာခြင်းရှိသော သာသနာ့အာဇာနည် အရှင်မြတ်များကတစ်ဆင့် မိမိတို့ သိအပ်၊ ကျင့်အပ်၊ လေ့လာမှတ်သားအပ်ပြီးသော တရားတော်များကို ထပ်ဆင့်သင်ကြားပြသ ဆုံးမပေးတော်မူခြင်းကြောင့် အရှင်ဘုရားတို့ကဲ့သို့သော အသစ်အသစ်သော တပည့်ရဟန်းသာမဏေများ တိုးပွားပြီး မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီးလည်း ဆက်လက်၍တည်တံ့နေမည်ဖြစ်ပါသည်ဘုရား။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာသုံးဖြာသော ပိဋကတ်တို့ကို အရှင်ဘုရားများက ကျက်မှတ်၍ ဖြေဆိုခဲ့ကြသဖြင့် အောင်မြင်မှုရခဲ့ခြင်းသည် မြတ်စွာဘုရားရှင်၏ ဆန္ဒတော်ကို တစ်စိတ်တစ်ဒေသအားဖြင့် ပြည့်ဝအောင်ဖြည့်ကျင့်နေခြင်းဖြစ်၍ အရှင်ဘုရား တို့အနေဖြင့် ‘‘ငါတို့သည် မြတ်စွာဘုရားရှင်၏ ဆန္ဒတော်ကို တစ်စိတ်တစ်ဒေသအားဖြင့် ပြည့်ဝအောင် ဖြည့်ကျင့်နေသူများပါတကား’’ဟု နှလုံးသွင်းဆင်ခြင်၍ ကြည်လင်ရွှင်ပျဝမ်းမြောက်သင့်ကြပေသည်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သည့်အတိုင်း ဓမ္မာနုဓမ္မပဋိပတ်ကို အထွတ်အထိပ်ရောက်အောင် ကျင့်ကြံပွားများကြိုးစားအားထုတ်ကြမှသာ မြတ်စွာဘုရားရှင်၏ ဆန္ဒတော်ကို ပြည့်စုံအောင်ဖြည့် ကျင့်ရာ ရောက်သည့်အပြင် မြတ်စွာဘုရားရှင်၏ သာသနာတော်တည်းဟူသော အလင်းရောင်ကြီးကို မှေးမှိန်ကွယ်ပျောက်ခြင်းမရှိအောင် စောင့်ရှောက်ရာလည်းရောက်ပါသည်ဘုရား။

ယာ၀ တိဋ္ဌန္တိ သုတ္တန္တာ၊ ဝိနယော ယာ၀ ဒိဗ္ဗတိ။ တာ၀ ဒက္ခန္တိ အာလောကံ၊ သူရိယေ အဗ္ဘုဋ္ဌိတေ ယထာ။ သုတ္တန္တေ အသန္တေသု၊ ပမုဋ္ဌေ ဝိနယမှိ စ၊ တမော ဘဝိဿတိ လောကေ၊ သူရိယေ အတ္ထင်္ဂတေ ယထာ။ (အံ၊ဋ္ဌ၊ ၁။ ၇၂)

‘‘နေမင်းကြီးတည်ရှိနေသောအခါ အရောင်အလင်းကို တွေ့မြင်ရသကဲ့သို့ မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော သုတ္တန်၊ အဘိဓမ္မာဒေသနာတော်များ ထင်ရှားရှိနေသမျှ၊ ဝိနည်း တရားတော်များ ထွန်းကားနေသမျှကာလပတ်လုံး သူတော်ကောင်းတရား ဘုရားသာသနာတော် တည်းဟူသော အရောင်အလင်းကို တွေ့မြင်နေကြရလိမ့်မည်။ နေမင်းကြီး ဝင်သွားသည်ရှိသော် လောကကြီး၌ အမိုက်အမှောင်ဖြစ်သကဲ့သို့ မြတ်စွာဘုရားရှင်ဟောကြားတော်မူအပ်သော သုတ္တန်၊ အဘိဓမ္မာဒေသနာတော်များ ထင်ရှားမရှိခဲ့သော်၊ ဝိနည်းတရားတော်များသည်လည်း ပျောက်ပျက်ခဲ့ သည်ရှိသော် လောကကြီး၌ (မသူတော်တရားတည်းဟူသော) အမိုက်မှောင်ကြီးသာ ဖြစ်လိမ့်မည်’’ ဟူသော အင်္ဂုတ္တိုရ်အဋ္ဌကထာဒေသနာအရ သုတ္တန်၊ အဘိဓမ္မာ၊ ဝိနည်းဟူသော ပိဋကသုံးသွယ် နိကာယ်ငါးဖြာပရိယတ္တိသာသနာသည် သာသနာတော်သုံးရပ်တွင် အရင်းမူလပဓာနကျကြောင်း အရှင်မြတ်တို့သိရှိကြပြီးဖြစ်ပါသည်။ ထိုကဲ့သို့ သိရှိကြပြီးသည့်အားလျော်စွာ အရှင်မြတ်တို့၏ အဇ္ဈတ္တသန္တာန်တွင် သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဤငါးဖြာကိုဦးစီးဆောင်ရွက် ကျက်မှတ် ခဲ့ကြသဖြင့် (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး(သဘောရေးဖြေ) စာမေးပွဲကြီးတွင် ဒီဃနိကာယကောဝိဒ၊ ဝိနယကောဝိဒ၊ ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ် တော်များကို အရှင်ဘုရားတို့၏ လက်ဝယ်တွင် ဆက်ကပ်ခြင်းကို ခံယူတော်မူကြရခြင်း ဖြစ်ပါသည် ဘုရား။ အရှင်မြတ်တို့၏ ကြိုးပမ်းအားထုတ်မှု၊ အောင်မြင်မှုများသည် ထေရဝါဒဗုဒ္ဓသာ သနာတော်ကြီးတွင် ထိပ်တန်းကျသောအောင်မြင်မှုများဖြစ်သည့်အတွက် မြတ်စွာဘုရားရှင်၏ သာသနာတော်ကြီး တိုးတက်ပွင့်လင်းမှုအရေးမြော်တွေးကာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အနေဖြင့် အလွန်ဝမ်းသာဂုဏ်ယူလျက်ရှိကြပါသည်ဘုရား။ နိုင်ငံတော်အစိုးရနှင့် ပြည်သူပြည်သား ဒါယကာ၊ ဒါယိကာမများတို့သည်လည်း အရှင်မြတ်တို့၏ ကြိုးပမ်းအားထုတ်မှု၊ အောင်မြင်မှုများကို လွန်စွာအားရကြည်ညိုမှု ရှိကြသည့်အားလျော်စွာ ပူဇနိယဝတ္ထုအစုစုတို့ဖြင့် ပူဇော်လှူဒါန်းလျက် ရှိကြပါသည်ဘုရား။

စာအောင်သာသနာ့အာဇာနည် အရှင်မြတ်တို့ဘုရား-

‘‘ဒွေမာနိ ဘိက္ခေ၀ ပဓာနာနိ ဒုရဘိသ္မဘဝါနိ လောကသ္မိံ’’အစရှိသောအင်္ဂုတ္တိုရ်ပါဠိတော် ပဓာနသုတ် (နှာ-၅၁) ဒေသနာတော်အရ လောက၌ဖြစ်စေနိုင်ခဲသည့် အားထုတ်မှုနှစ်မျိုးတို့တွင် လူ့ဘောင်၌နေသူ လူဒါယကာ၊ လူဒါယိကာမတို့သည် အရှင်မြတ်တို့အား အကြောင်းပြုကာ ဆွမ်း၊ သင်္ကန်း၊ကျောင်း၊ ဆေး လေးပါးသောပစ္စည်းတို့ကိုထောက်ပံ့ခြင်းဖြင့် ဖြစ်စေနိုင်ခဲသည့် အားထုတ်မှုမျိုးကို အားထုတ်လျက် ရှိကြပါသည်။ အရှင်မြတ်တို့သည်လည်း ဒါယကာ၊ ဒါယိကာမများ၏ လှူဒါန်းချီးမြှောက်မှုကို ခံယူကာ ယခုကဲ့သို့ အောင်မြင်သည်အထိ ပရိယတ္တိစာပေကို ကြိုးစားတော်မူကြ၍ ပဋိပတ္တိဆိုင်ရာ ကိစ္စအ၀၀ကို ဆက်လက်အားထုတ်နိုင်ကြပြီး ဒါယကာ၊ ဒါယိကာမတို့အား ဓမ္မာနုဂ္ဂဟဖြင့် ချီးမြှောက်တော်မူနိုင် ကြမည်ဖြစ်ပါသည်ဘုရား။ ဤကဲ့သို့ ‘‘ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ’’ ဆိုသကဲ့သို့ ဆရာဒကာ ကြည်သာ ဝမ်းမြောက်ချီးမြှောက်မှုပြုကြ၍ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ပါက သာသနာ တော်ကြီးသည် နှစ်ပေါင်းမြားမြောင်မကကြာအောင် ရှည်ကြာတည်တံ့နိုင်မည်ဖြစ်ပါသည်ဘုရား။ ပရိယတ္တိဝန်ဆောင် အရှင်မြတ်တို့သည်လည်း မိမိတို့ဆိုင်ရာ သာသနာ့ကိစ္စအ၀၀ကို ကျန်းမာချမ်း သာစွာ အားထုတ်တော်မူနိုင်ကြ၍ ဆရာဒကာ လျင်မြန်စွာ မျက်မှောက်ပြုနိုင်ကြပါစေဟုပတ္ထနာပြုကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သာရဏီယသြဝါဒကထာကို နိဂုံးချုပ်အပ်ပါသည် ဆရာတော် သံဃာတော်အရှင်မြတ်တို့ဘုရား။

ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ

(အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)

ဥက္ကဋ္ဌရာတော်၊နိုင်ငံတော်သံဃမဟာနာယကအဖွဲ့