(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ၏ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် ဇန်နဝါရီ ၁၉
၂၀၂၁ ခုနှစ် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ၏ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဦးမောင်မောင်ဝင်းနှင့် ဦးဝင်းမော်ထွန်း၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဦးအောင်မြင်ထွန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးကျော်စိုးဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးဆန်းနိုင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ၂၀၂၁ ခုနှစ် (၇၄)နှစ် မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့ပြီးအစည်းအဝေးဆုံးဖြတ်ချက်(၁၉)ချက် ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး (၇)ချက်နှင့် ဆောင် ရွက်ဆဲ (၁၂)ချက်တို့ဖြစ်ကြောင်း၊ ဆောင် ရွက်ဆဲအချက်များသည် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်သည့် အတွက် သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင် ဆောင်ရွက်သွားကြရန် ပြောကြားလိုကြောင်း။
ပြည်ထောင်စုနေ့အခမ်းအနားများကို နေပြည်တော်နှင့်တိုင်းဒေသကြီး/ပြည်နယ်များတွင် နှစ်စဉ်ကျင်းပနေကျဖြစ်သော်လည်း ယခုကာလသည် Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေသော အချိန်ကာလဖြစ်သည့်အတွက် ယခုနှစ်တွင် နှစ်စဉ်ဆောင်ရွက်နေသည့်လုပ်ငန်းတာဝန်များအပြင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တို့ကထုတ်ပြန်ထားသည့် ပြည်သူသို့ပန်ကြားချက်များ၊ အမိန့်များ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့် စံလုပ်ငန်းလမ်းညွှန်ချက်များကိုပါ အရေးတကြီးကိစ္စတစ်ရပ်အနေဖြင့် ထည့်သွင်းစဉ်းစားလိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့်လည်း နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားများကို ကျင်းပရာတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရန်အတွက် အခမ်းအနားစီစဉ်ဆောင်ရွက်မည့်သူများ လိုက်နာဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန်ချက် (၁၀)ချက် နှင့် နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော် သမ္မတထံမှပေးပို့သော ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားများတွင် လိုက်နာဆောင်ရွက်ရမည့်စံလုပ်ငန်းလမ်းညွှန်ချက် (၄)ချက်၊ စုစုပေါင်းအချက် (၁၄)ချက်ကို ရေးဆွဲပေးထားပြီးဖြစ်သည့်အတွက် စီမံခန့်ခွဲမှုကော်မတီ၊ ဆပ်ကော်မတီများနှင့် တာဝန်ရှိသူများအနေဖြင့် အဆိုပါစံလုပ်ငန်းလမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။
ပြည်ထောင်စုနေ့အခမ်းအနားများကို တက်ရောက်မည့် ဧည့်သည်တော်များနှင့် လူထုပရိသတ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ပေးထားသည့် စံလုပ်ငန်းလမ်းညွှန်ချက်များ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ တက်ရောက်မည့်လူဦးရေကို လျှော့ချသတ်မှတ်ထားပြီးဖြစ်သည့်အတွက် လိုအပ်သည်များကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း ပြောကြားသည်။ထို့နောက် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီအတွင်းရေးမှူးနိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်းက ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်များအနက် ဗဟိုကော်မတီမှ ဆောင်ရွက်ရမည့်ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ နိုင်ငံတော်သမ္မတထံမှ(၇၄)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့မည့်သဝဏ်လွှာနှင့် ပို့စကတ်များကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ အချိန်မီဖြန့်ဝေနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူတို့က လုံခြုံရေးဆပ်ကော်မတီနှင့်စပ်လျဉ်း၍ ပေးအပ်ထားသည့်လုပ်ငန်းတာဝန်များအပေါ် ဆောင်ရွက်သွားမည့်လုံခြုံရေးအစီအမံများနှင့် ဗဟိုကော်မတီ၏ ပထမအကြိမ်အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဘဏ္ဍာရေးဆပ်ကော်မတီ}}နှင့်စပ်လျဉ်း၍ ဆပ်ကော်မတီများ အနေဖြင့် အသုံးစရိတ်များအား ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအစီအမံများကို ရှင်းလင်းတင်ပြသည်။ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးကျော်စိုးဦးက အလံတင်အခမ်းအနားစီစဉ်ရေးဆပ်ကော်မတီနှင့်စပ်လျဉ်း၍ ပြည်ထောင်စုနေ့အခမ်းအနားများတွင် စစ်ရေးပြဆောင်ရွက်မည့်ဂုဏ်ပြုတပ်ဖွဲ့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ စံလုပ်ငန်းလမ်းညွှန်ချက်များအတိုင်း လူဦးရေကန့်သတ်လျှော့ချကာ ဖွဲ့စည်း လေ့ကျင့်ဆောင်ရွက်နေမှုအခြေအနေများ၊ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆပ်ကော်မတီများ အလိုက် တင်ပြချက်များ၊ အကြံပြုဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။