(၇၆)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(အငြိမ်းစား) များ၏ အမှတ်တရရုပ်တုများ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

နေပြည်တော်၊ မတ် - ၂၅
    
မြန်မာ့တပ်မတော်တွင် ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကာကွယ်ရေး ဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(အငြိမ်းစား) ၇ ဦး၏ ပုံစံတူရုပ်တုများဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်ရှိ မော်ကွန်းတိုက်မှူးရုံးပြခန်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
    
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
    
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးသည် အဆိုပါနိုင်ငံ၏ တပ်မတော်အပေါ်တွင်လုံးဝ တည်မှီနေပါကြောင်း၊ တပ်မတော်တစ်ရပ်ရေရှည်တည်တံ့ခိုင်မြဲရေးတွင် တပ်မတော်၏အစဉ်အလာကောင်းများ ကို တစ်စိုက်မက်မက် ဆက်လက်ထိန်းသိမ်းနိုင်ခြင်းအပေါ်တွင်သာ အဓိကမူတည်နေပါကြောင်း၊ နှစ်ပေါင်း ၁၀၀၀ ကျော်မြန်မာ့သမိုင်းတစ်လျှောက်ကို ပြန်ကြည့်မည်ဆိုပါက တပ်မတော် အင်အားတောင့်တင်းချိန်များတွင် နိုင်ငံ၏ဘုန်းမီးနေလ တောက်ပလေ့ရှိပြီး တပ်မတော် အင်အားချည့်နဲ့ပြီး စည်းလုံးညီညွတ်မှုပြိုကွဲချိန်များတွင် တိုင်းပြည်ဖရိုဖရဲဖြစ်လေ့ရှိသည်ကို သမိုင်းကြောင်းက အထင်အရှားပြဆိုလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွက် “တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဟူသည့်အချက်ကို မည်သူမျှငြင်းပယ်၍ ရနိုင်မည် မဟုတ်ဘဲ ပကတိတရား အရှိတရားတစ်ခုဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ တပ်မတော် ကြီးကို စတင်ဖွဲ့စည်းခဲ့သည့်နေ့မှစ၍ ယနေ့အထိ ၇၅ နှစ်ကျော်ကာလအတွင်း အမည်နာမ အမျိုးမျိုးပြောင်းလဲခဲ့သကဲ့သို့ ဦးစီးကွပ်ကဲသည့် ခေါင်းဆောင်များ၊ တပ်မှူးများ၊ အရာရှိ စစ်သည်များလည်း ပြောင်းလဲခဲ့ပါကြောင်း၊ ခေတ်အဆက်ဆက် ပခုံးပြောင်းတာဝန်ယူခဲ့ ကြသော်လည်း တပ်မတော်၏ဂုဏ်သည် မှေးမှိန်ခြင်းမရှိဘဲ တောက်ပြောင်နေခြင်းမှာ ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ ဦးဆောင်သည့် တပ်မတော်၏ ကောင်းမြတ်သော အစဉ်အလာများကြောင့်ပင်ဖြစ်ပါကြောင်း၊ ယင်းအစဉ်အလာကောင်းများ ကို တပ်မတော်ကိုစတင်တည်ထောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့မှ စတင်မျိုးစေ့ချပေးခဲ့ကြပြီး အဆင့်ဆင့်တာဝန်ယူခဲ့ကြသည့် ခေါင်းဆောင်များ၊ တပ်မှူးများက အစဉ်တစ်စိုက် ဆက်လက်ပြုစုပျိုးထောင်ထိန်းသိမ်းခဲ့ကြသောကြောင့် ယနေ့တိုင်မတိမ်ကော မပျောက်ပျက်ဘဲ အမျိုးသားအင်အားစုကြီးတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေခြင်းဖြစ်ပါ ကြောင်း။
    
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိချိန်မှစ၍ ယနေ့ကာလအထိ ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၈ ဦးတာဝန်ထမ်းဆောင်ခဲ့ပါကြောင်း၊ အဆိုပါပုဂ္ဂိုလ်များ မှာ ဒုတိယဗိုလ်ချုပ်ကြီးစမစ်ဒွန်း၊ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်ကြီး စန်းယု၊ ဗိုလ်ချုပ်ကြီး တင်ဦး၊ ဗိုလ်ချုပ်ကြီး သူရကျော်ထင်၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် လက်ရှိတာဝန်ထမ်းနေသည့် မိမိတို့ပင်ဖြစ်ပါကြောင်း၊ ရှေ့တွင်တာဝန်ထမ်းဆောင်ခဲ့ကြ သည့် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ တာဝန်ထမ်းဆောင် မှုများကို အကျဉ်းချုပ် ပြောရမည်ဆိုပါက ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်းသည် ၁၉၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် တပ်မတော်သို့ ဝင်ရောက်၍ အဆင့်ဆင်တာဝန်များကို ထမ်းဆောင် ခဲ့ပြီး ၁၉၄၅ ခုနှစ်တွင် စစ်ဦးစီးချုပ်(ကာကွယ်ရေးဦးစီးချုပ်) တာဝန်ထမ်းဆောင်ခဲ့ကာ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ပါကြောင်း။
    
ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားပြီးနောက် ဂျပန်တို့နှင့် အဆက်အသွယ်ရယူကာ ရဲဘော်သုံးကျိပ်ကိုဖွဲ့စည်း၍ စစ်ပညာကို အလျင်အမြန်သင်ယူခဲ့ကြရာတွင် သခင်ရှုမောင် (ခေါ်) ဗိုလ်ချုပ်ကြီး နေဝင်းသည်လည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါကြောင်း၊ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းခဲ့ပြီး နောက် မြန်မာနိုင်ငံသို့ စစ်ကြောင်းကြီး လေးကြောင်းဖြင့် ဝင်ရောက်ခဲ့ရာတွင် ဗိုလ်နေဝင်း သည် အတွင်းသူပုန်စစ်ကြောင်း၏ ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ပါကြောင်း၊ ထို့နောက် တော်လှန်ရေးဆောင်ရွက်ချိန်များတွင် အဆင့်ဆင့်သောတာဝန်များထမ်းဆောင်ခဲ့ ပြီး ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ အိမ်စောင့်အစိုးရလက်ထက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်၊ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ တာဝန်တို့ကိုထမ်းဆောင်ခဲ့ပြီး ၁၉၇၂ ခုနှစ်၊ ဧပြီလ ၂၀  ရက်နေ့တွင် တပ်မတော်မှအငြိမ်းစားယူခဲ့ပါကြောင်း၊ ထို့နောက် ၁၉၇၄ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ နိုင်ငံတော်သမ္မတတာဝန်၊ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်မှ ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့အထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌ တာဝန်တို့ကို ထမ်းဆောင် ခဲ့ပြီး အငြိမ်းစားယူခဲ့ပါကြောင်း။
    
ဗိုလ်ချုပ်ကြီးစန်းယုသည် ၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ဝင်ရောက် ခဲ့ပြီး အဆင့်ဆင့်တာဝန်များကိုထမ်းဆောင်ခဲ့ကာ ၁၉၆၃ ခုနှစ်တွင် ဒုတိယကာကွယ်ရေး ဦးစီးချုပ်(ကြည်း)၊ ၁၉၇၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှ ၁၉၇၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့အထိ ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးချုပ်တာဝန်များကို ထမ်းဆောင်ခဲ့ပါကြောင်း၊ ၁၉၇၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် တပ်မတော်မှအငြိမ်းစားယူခဲ့ပြီး နိုင်ငံတော်ကောင်စီအတွင်းရေးမှူး၊ ဘဏ္ဍာရေးနှင့်အခွန် ဌာနဝန်ကြီး၊ အမျိုးသားစီမံကိန်းဌာနဝန်ကြီး၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ ၁၉၈၁ ခုနှစ်တွင် ပါတီလုပ်ငန်းစိစစ်ရေးဥက္ကဋ္ဌ ၊ ၁၉၈၁ ခုနှစ်တွင် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတာဝန်များကိုထမ်းဆောင်ခဲ့ပြီး ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် အငြိမ်းစားယူခဲ့ပါကြောင်း။
    
ဗိုလ်ချုပ်ကြီး တင်ဦးသည် ၁၉၄၆ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၆ ရက်မှစ၍ တပ်မတော်သို့ စတင်ဝင်ရောက်ခဲ့ပြီး အဆင့်ဆင့်သောတာဝန်များကိုထမ်းဆောင်ခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ်၊ မတ်လ ၈ ရက်တွင် ဗိုလ်ချုပ်ကြီး အဆင့်ဖြင့် ကာကွယ်ရေးဦးစီးချုပ်တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၁၉၇၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ပါကြောင်း၊ ဗိုလ်ချုပ်ကြီး သူရကျော်ထင်သည် ၁၉၄၃ ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော်(BDA) သို့ တပ်သား အဆင့်ဖြင့် စတင်ဝင်ရောက်၍ အဆင့်ဆင့်သောတာဝန်များကိုထမ်းဆောင်ခဲ့ပြီး ၁၉၆၉ ခုနှစ် တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတာဝန်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)တာဝန်၊ ၁၉၇၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး အဆင့်ဖြင့် ကာကွယ်ရေးဦးစီးချုပ် တာဝန်တို့ကိုထမ်းဆောင်ခဲ့ပြီး ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် တပ်မတော်မှအငြိမ်းစား ယူခဲ့ကြောင်း။
    
ဗိုလ်ချုပ်မှူးကြီး စောမောင်သည် ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်တွင် တပ်မတော် သို့စတင်ဝင်ရောက်ခဲပြီး အဆင့်ဆင့်သောတာဝန်များကို ထမ်းဆောင်ကာ ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့မှစတင်၍ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့ပါကြောင်း၊ ၁၉၈၆ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးမြှင့်ခံရပြီး ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်ကာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်တို့ကို ထမ်းဆောင်ခဲ့ပါကြောင်း၊ ၁၉၉၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်မှူးကြီး အဆင့်သို့ တိုးမြှင့်ရရှိခဲ့ပြီး ၁၉၉၂ ခုနှစ် ဧပြီ ၂၄ ရက်နေ့ တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ပါကြောင်း။
    
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၁၉၅၂ ခုနှစ်တွင် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၉) သို့ တက်ရောက်ခဲ့ပြီး အဆင့်ဆင့်သော တာဝန်များကိုထမ်းဆောင်၍ ၁၉၈၃ ခုနှစ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ၁၉၈၅ ခုနှစ်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၁၉၈၆ ခုနှစ်တွင် ဗိုလ်ချုပ်အဆင့်၊ ၁၉၈၇ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်သို့တိုးမြှင့်ခံခဲ့ရကြောင်း၊ ထို့နောက် ၁၉၈၈ ခုနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၉၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်ကြီးအဆင့်သို့ ရာထူးတိုးမြှင့်ခန့်အပ်ခြင်းခံရပြီး ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) တာဝန်များကို လည်းကောင်း၊ ၁၉၉၂ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ဥက္ကဋ္ဌ တာဝန်ကို စတင်ထမ်းဆောင်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးတာဝန်၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်များကို ထမ်းဆောင်ခဲ့ပါကြောင်း၊ ၁၉၉၃ ခုနှစ် ၊ ဧပြီလ ၂၃ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးအဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်းခံရပြီး ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် တပ်မတော်မှအငြိမ်းစားယူခဲ့ပါကြောင်း။
    
တပ်မတော်၏အမျိုးသားရေး ဦးဆောင်ဦးရွက်ပြုခဲ့သည့် အစဉ်အလာသည် မည်သည့် အဖွဲ့အစည်းနှင့်မျှ နှိုင်းယှဉ်၍မရနိုင်အောင် မြင့်မားခဲ့ပါကြောင်း၊ တပ်မတော်သည် နိုင်ငံတော် ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် အစဉ်တစိုက် ဦးဆောင်ဦးရွက်ပြုခဲ့ပြီး နိုင်ငံတော် ၏လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးနိုင်သောအဖွဲ့အစည်းအဖြစ် ပြည်သူများကယုံကြည် အားကိုးရသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ တပ်မတော်၏ ကြီးမားသည့် အမျိုးသားရေးအစဉ်အလာကို တည့်မတ်အောင် ထိန်းကြောင်းခဲ့သူများသည် မြန်မာ့ တပ်မတော်တွင် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသူများပင် ဖြစ်ပါကြောင်း။
    
တပ်မတော်အား အင်အားတောင့်တင်းခိုင်မာစေရန် ဦးဆောင်ဦးရွက်ပြုခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ် များကို ချီးကျူးဂုဏ်ပြုပြီး နောင်လာနောက်သားမျိုးဆက်သစ်များက အမြဲအမှတ်ရနေစေ ရန်အတွက် ယခုကဲ့သို့ခန့်ညားထည်ဝါစွာ ထုဆစ်ဂုဏ်ပြု၍ ယခုကဲ့သို့ တပ်မတော်စစ်သမိုင်း ပြတိုက်တွင် ခင်းကျင်းပြသခြင်းဖြင့် အမိမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးကို တန်ဖိုးထား မြတ်နိုးလိုစိတ်၊ မျိုးချစ်စိတ်ဓာတ်များရှင်သန်ထက်မြက်ပြီး နိုင်ငံတော်ကြီးတိုးတက်ခေတ်မိ အောင် ဆောင်ရွက်လိုစိတ်များ ပွားများလာကာ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ အဆက်မပြတ်ရှင်သန်လာစေရန်အတွက် ဆန္ဒပြုအပ်ပါကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(အငြိမ်းစား) ၇ ဦး၏ ရုပ်တုများကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုတပ်ဖွဲ့က စစ်ခရာမှုတ်၍ အလေးပြု သည်။
    
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(အငြိမ်းစား)များ၏ ရုပ်တုများနှင့် တပ်မတော်စစ်သမိုင်းပြတိုက် အတွင်း ခင်းကျင်းပြသထားသည့် (၇၆)နှစ်မြောက် တပ်မတော်အနေ့အထိမ်းအမှတ်ပြခန်း များ ပြင်ဆင်ထားရှိမှုကို လိုက်လံကြည့်ရှုခဲ့ကြသည်။

အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(အငြိမ်းစား)များ၏ ပုံတူရုပ်ထုများ ထုဆစ် နိုင်ရေးအတွက် ဓာတ်ပုံကိုအခြေခံပြီး 3D Graphic ဖြင့် Computer Design ရေးဆွဲခြင်း၊ Software ရေးသားပြီး CNC Machine များဖြင့် ထွင်းထုခြင်းများ၊ လက်မှုပညာဖြင့် အချောသတ်ခြင်းများကို အနုစိတ်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်းနှင့် ရုပ်တုများ၏ အတိုင်းအတာများအနေဖြင့် အလျား ၁၂ လက်မ၊ အနံ ၁၀ ဒသမ ၅ လက်မနှင့် အမြင့် ၂၄ လက်မရှိကြောင်း သတင်းရရှိသည်။