Belarus Today သတင်းစာမျက်နှာတွင် အမှတ်စဉ်(၅၀)ဖြင့် ထုတ်ဝေသော ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်နေ့ ရက်စွဲပါ Republic အွန်လိုင်းသတင်းစာ၏နိုင်ငံရေးကဏ္ဍတွင် ‘နိုင်ငံတော်ကြီးမပြိုကွဲစေချင်’ ခေါင်းစဉ်ဖြင့် Mr. Aliksei DZERMAN ရေးသားဖော်ပြထားသည့် မြန်မာနိုင်ငံအတွင်း ဖြစ်ပ

“စစ်အာဏာသိမ်းမှု”၊ “အာဏာရှင်တော်လှန်ရေး”၊ “အပြစ်မဲ့ပြည်သူ အများအပြားသေကျေဆုံးရှုံးမှု” စသည့် မနှစ်မြို့ဖွယ် ခေါင်းစဉ်အမျိုးမျိုးဖြင့် အနောက်နိုင်ငံမီဒီယာများတွင် ရေးသားဖော်ပြခံနေရသော အရှေ့တောင် အာရှ၏ အချက်အချာကျသော နိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံသည် ဖေဖော်ဝါရီ ၁ ရက်တွင် မိမိနိုင်ငံအတွင်း တရားဝင်ပြဋ္ဌာန်းထားသည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရပ်သားအစိုးရကို ဖြုတ်ချကာ တပ်မတော်က ယာယီအာဏာ ထိန်းသိမ်းတာဝန်ယူနေခြင်းသာဖြစ်သည် ဟူသည့်အကြောင်းကို သိရှိသူ နည်းပါးလှပါသည်။ ထိုနိုင်ငံ၏ ယခင်သမ္မတဦးဝင်းမြင့်နှင့် ဝန်ကြီးချုပ်နေရာယူထားသူ ဒေါ်အောင်ဆန်း စုကြည်တို့ကို ဖမ်းဆီးထိန်းသိမ်းကာ လက်ရှိ မြန်မာ့တပ်မတော်၏ အကြီးအကဲဖြစ်သူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဥပဒေနည်းလမ်းများနှင့်အညီ နိုင်ငံတော် အာဏာကို ခေတ္တလွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်၏ အဓိကအကြောင်းရင်းကို အဖြေရှာကြည့်ရာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲမှ စတင်ခဲ့သည့် ပြည်တွင်းနိုင်ငံရေး တင်းမာမှုဖြစ်ကြောင်း တွေ့ရှိရပါသည်။  တပ်မတော်၏ ယူဆချက်မှာ ရွေးကောက်ပွဲတွင် အနိုင်ရနိုင်ငံရေးပါတီ NLD က မဲမသမာမှု များ ပြုလုပ်ထားနိုင်သည်ဆိုသည့် အချက်ပင်ဖြစ်ပါသည်။ အကြိမ်ကြိမ်ကြေညာချက်များ သတိပေးထုတ်ပြန် အပြီးတွင် တပ်မတော်အနေဖြင့် မတတ်နိုင်သည့်အဆုံး  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ အတိုင်း အရေးပေါ်အခြေအနေကြေညာကာ အာဏာထိန်းသိမ်းလိုက်ရပြီး ရွေးကောက်ပွဲကို တစ်နှစ်အကြာ တွင် ပြန်လည်ကျင်းပပေးရန် စတင်ပြင်ဆင်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင်    တပ်မတော်၏အခန်းကဏ္ဍသည်  အလွန်အရေးပါလှသည်။ တစ်နည်းဆိုရလျှင် ထိုနိုင်ငံတွင် တပ်မတော်သည် နိုင်ငံ၏အသက်ဖြစ်သည်။ တပ်မတော်သည်  နိုင်ငံအားလွတ်လပ်ရေးရရှိရန် နယ်ချဲ့ ဖက်ဆစ်များကို  တော်လှန်တိုက်ခိုက်ခဲ့ရာမှ အစပြုကာ ထိုနိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့

ခိုင်မြဲရေးနှင့် နိုင်ငံ၏ရပ်တည်မှုသည် တပ်မတော်၏ အဓိကတာဝန်တစ်ရပ်ဖြစ်လာခဲ့သည်။ ထိုနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော် အတူတကွနေထိုင်လျက်ရှိကြပြီး အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်သော်လည်း အစ္စလာမ်ဘာသာဝင်နှင့် ခရစ်ယာန်ဘာသာဝင်များလည်း အများအပြားရှိပါသည်။ နိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရာတွင် ခက်ခဲရသည့် နောက်တစ်ချက်မှာ ပထဝီဝင်အနေအထားအရ အင်အားကြီးနိုင်ငံနှစ်ခု အိန္ဒိယနှင့်တရုတ်တို့၏ ကြားတွင်ရှိနေသောကြောင့်လည်းကောင်း၊   အနောက်နိုင်ငံ တို့၏ မျက်စိကျမှုကို ခံနေရသောကြောင့်လည်းကောင်း ဖြစ်ပါသည်။ ထိုအကြောင်းခြင်းရာကပင် နိုင်ငံအတွင်း ပြည်တွင်းစစ်ပွဲများ ဗဟိုအစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ဆက်တိုက် ဖြစ်ပွားလျက်ရှိနေစေပြီး စစ်အေးကာလများတွင်လည်း အစိုးရနှင့်တပ်မတော်အပေါ် အာဏာ ဖီဆန်ဆန့်ကျင်မှုများ အမြဲရှိနေခဲ့သည့် ခက်ခဲရှုပ်ထွေးလှသော ပြည်တွင်းရေးကို ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါသည်။ ထိုအခက်အခဲများကို အဓိက တာဝန်ယူဖြေရှင်းခဲ့ရသည်မှာ တပ်မတော်သာ ဖြစ်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တို့ အမှီသဟဲပြုနေသည့် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ် ရောင်းဝယ်နေမှုများကို အမြစ်ပြတ်တိုက်ဖျက်ခဲ့သလို နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး တို့ကိုလည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည်မှာလည်း တပ်မတော်ပင် ဖြစ်ပါ သည်။

တပ်မတော်သည် အရပ်ဘက်နိုင်ငံတော် အုပ်ချုပ်ရေးအာဏာကို ဘယ်သောအခါမျှ မက်မောခြင်းမရှိခဲ့ပါ။ ထို့ကြောင့်သာ ၎င်းတို့အနေဖြင့် ပြည်တွင်းအခြေအနေ အရပ်ရပ် ထိန်းချုပ်နိုင်ပြီးနောက်တွင် အမျိုးသား ညီလာခံများ ကျင်းပပြုလုပ်ခြင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲခြင်းနှင့် ရွေးကောက်ပွဲများ ကျင်းပ ပြုလုပ်ရန် ပြင်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါသည်။

နိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းကို စတင်ဖော်ဆောင်ပေးခဲ့သူမှာလည်း တပ်မတော်သာဖြစ်ပါသည်။ ၂၀၁၀ ပြည့်နှစ်တွင် ပထမဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲကြီး ကျင်းပပေးနိုင်ခဲ့သလို နိုင်ငံရေး အကျယ်ချုပ်ချ ထားခဲ့ရသူ နိုဘယ်ဆုရှင် ဆန့်ကျင်ရေးပါတီနိုင်ငံရေးသမား ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွတ်မြောက် ခွင့်ပေးခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် သူမသည် အစိုးရ၏ ရာထူးကြီးကြီးမားမား နေရာကောင်းများကို ယူနိုင်လာခဲ့ပါသည်။

ထိုအခြေအနေထိရောက်ပြီးခါမှ ဘယ်အကြောင်းကြောင့်များ သူမကိုလွှတ်ပေးခဲ့သည့် တပ်မတော်နှင့် ပြဿနာတက်ကာ နောက်တစ်ကြိမ် ပြန်လည်ထိန်းသိမ်းခံခဲ့ရပါသလဲ။ အကြောင်းမှာ တပ်မတော်က သူမအပေါ်ထားရှိသည့် သဘောထားကြီးမားမှုနှင့် အပြန်အလှန်နားလည်မှုများကို လျစ်လျူရှုကာ တပ်မတော် က ထိန်းညှိပေးထားသည့် နိုင်ငံရေးချိန်ခွင်လျှာဟန်ချက် ပျက်ပြားစေလိုသည့် ရည်ရွယ်ချက်များဖြင့် တပ်မတော်၏ အခန်းကဏ္ဍများကို မှေးမှိန်ပျောက်ကွယ်စေနည်း အမျိုးမျိုးဖြင့် ကြိုးပမ်းအားထုတ်ခဲ့ သည့်အတွက် ဖြစ်သည်ဟု ပြောချင်ပါသည်။

ထို့ပြင် သူမကိုယ်တိုင်သည်လည်း နိုင်ငံရေးတွင် အမှားကင်းလှသည်တော့ မဟုတ်လှပါ။ သူမဦးဆောင် သည့်ပါတီ အာဏာရရှိလာပြီးနောက်ပိုင်းတွင် သိသိသာသာပင် အနောက်နိုင်ငံများ၏ ကြိုးကိုင်ထိန်းချုပ်မှု အောက်သို့ တဖြည်းဖြည်း တိုးဝင်လာခဲ့ပြီး Soros နှင့် အခြား NGO အဖွဲ့အစည်းများသည် မြန်မာနိုင်ငံအတွင်း အခြေကုပ်ယူလာနိုင်ခဲ့ကြပြီး အမျိုးသားနိုင်ငံရေးကို ပျက်ပြားစေကာ လူငယ်ထု၏ မျိုးချစ်စိတ် နိုင်ငံချစ် စိတ်ကိုအချိန်ယူ အရောင်ဆိုးဖျက်ဆီးခဲ့သည့်အတွက် ယနေ့မြန်မာနိုင်ငံတွင် ဆူပူဆန္ဒပြမှုများသည် လိုအပ် သည်ထက် အရှိန်အဟုန်ပြင်းထန်နေရခြင်း ဖြစ်ပါသည်။

အနောက်နိုင်ငံတို့၏ အမျိုးသားရေးဖျက် ပြည်သိမ်းတိုက်ပွဲတွင် ကိုယ်ကျိုးမက်ကာ စီးမျောလိုက်ပါ နေခဲ့ကြသည့် နိုင်ငံရေးသမားတို့သည် အမျိုးသားရေးကိုဘယ်တော့မှ သစ္စာမဖောက်သော တပ်မတော်၏ တုံ့ပြန်မှုကို ခံစားခဲ့ကြရခြင်းသာဖြစ်ပါသည်။ တပ်မတော်သည်လည်း အနောက်နိုင်ငံကို အာခံရဲသည့် သတ္တိနှင့် နိုင်ငံ၏အချုပ်အခြာ အာဏာကိုထိန်းသိမ်းရန် တရုတ်နှင့်ရုရှားနိုင်ငံတို့နှင့် ကောင်းစွာသော ချစ်ကြည်ရေးကို တည်ဆောက်ထားခဲ့ပြီးဖြစ်ပါသည်။

အမှန်တရားတစ်ခုမှာ ဒီမိုကရေစီဆိုတဲ့စကားသံများ၊ လူ့အခွင့်အရေးဆိုတဲ့ အော်ဟစ်သံများကြားတွင် အမှန်တကယ်ရင်ဆိုင်နေရသည်မှာ ပထဝီဝင်နိုင်ငံရေးတိုက်ပွဲ တစ်ခုသာဖြစ်ပါသည်။ အားလုံးရင်းနှီးပြီးသား ဇာတ်လမ်းတစ်ပုဒ်ပင် မဟုတ်ပါလား။ မြန်မာနိုင်ငံအတွင်းဆူပူဆန္ဒပြသူများအကြား တရားဥပဒေအရ ဖြိုခွင်း ထိန်းသိမ်းရာတွင် အသက်ဆုံးရှုံးမှုရှိလာတိုင်း “အပြစ်မဲ့ပြည်သူတွေကို စစ်သားနဲ့ ရဲတွေက သတ်နေပါတယ်” ဆိုတဲ့ ဓာတ်ပြားဟောင်းကြီးရဲ့နောက်တွင် အနောက်နိုင်ငံ၏ သွေးထိုးလှုံ့ဆော် ထောက်ပံ့မှုဖြင့် အဖျက် အမှောင့်လုပ်ငန်းများ လုပ်ကိုင်နေကြသူများမှာ ၎င်းတို့ထင်သလို အပြစ်မဲ့မဟုတ်ဘဲ နိုင်ငံရေး အသိဉာဏ်မဲ့ သူများသာဖြစ်ကြပါသည်။

မိတ်ဆွေတို့အနေဖြင့် ထိုအဖြစ်အပျက်များကို သင်ခန်းစာယူကာ “အာဏာရှင် တော်လှန်ရေး”၊ “ပြည်သူ တို့၏ အောင်ပွဲ” ဟူသော စကားများကိုကြားတိုင်းထိုဖြစ်စဉ်တို့၏ နောက်တွင်ရှိသည့် ဆန့်ကျင်ဘက်နှစ်ခု၏ ခေါင်းဆောင်များအကြောင်းနှင့် ဖြစ်စဉ်အစအဆုံးကို ဆက်လက်လေ့လာရန်မမေ့ဖို့ သတိပေးလိုပါသည်။ မြန်မာ့ဒီမိုကရေစီ၏မိခင်ဟု သမုတ်နေကြသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ဘယ်လိုလူလဲဆိုတာ ရှင်းပါသည်။ အနောက်နိုင်ငံထုတ် “နိုင်ငံရေး ထုတ်ကုန် ကုန်ကြမ်း” တစ်ခုသာဖြစ်ပြီး မိမိ၏ကျော်ကြားမှုကို အသုံးပြုကာ ထင်ရာစိုင်းမည့် သမိုင်းရှင်သာဖြစ်ပါသည်။ တစ်ဖက်က တပ်မတော်၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆိုသူမှာနိုင်ငံရေးအရ စိတ်ဝင်စားစရာ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ ၎င်းအနေဖြင့် တိုင်းပြည် တာဝန်ထမ်းရွက်ခဲ့သည့် သမိုင်းတစ်လျှောက်ကို ပြန်လည်လေ့လာကြည့်ရင်တိုင်းပြည်အတွက် ဘယ်လိုလူလဲ ဆိုတာ ကောင်းကောင်းကြီး တွေ့မြင်ရမည်ဖြစ်ပါသည်။

သို့သော် ယခုအချိန်တွင် သူ့အတွက် အခက်ခဲဆုံးသောပုစ္ဆာကို တွက်ချက်နေရပြီဖြစ်ပါသည်။တစ်ဖက်တွင် တိုင်းပြည်ကိုဖျက်မည့်ရန်မှ ကာကွယ်ရန် အမျိုးသားရေးတာဝန်ရှိသလို အခြားတစ်ဖက်တွင် နိုင်ငံရေးမှိုင်းမိ နေသော တိုင်းပြည်၏အနာဂတ်ဖြစ်သည့်လူငယ်ထုရှိနေပါသည်။ တာဝန်အရ ပစ်လွှတ်မည့် ကျည်ဆန်များ အောက်တွင် တိုင်းပြည်အနာဂတ်အချို့ရှိသော်လည်း တရားမျှတမှုနှင့် ရိုးသားမှုအပြည့်ရှိသော ထိုလူငယ်များ အမှန်တကယ်လိုလားသည့်စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက် ရွေးကောက်ပွဲကျင်းပပေးနိုင်ရန် တည်ငြိမ် အေးချမ်းမှုကို ဖော်ဆောင်ရင်း အမုန်းခံဘဝနှင့် ရင်ဆိုင်နေရရှာသူ မေတ္တာရှင် စစ်သားကြီးတစ်ဦးလို့သာ ဆိုချင်ပါတော့သည်။

ဤပုစ္ဆာသည် ခက်ခဲလွန်းလှပါသည်။ ကမ္ဘာ့နိုင်ငံကြီးများ၏ ကျော်ကြားလှသော ခေါင်းဆောင်အချို့ပင် မှန်မှန်ကန်ကန် တွက်ချက်နိုင်ရန် မဖြစ်နိုင်ခဲ့သော ပုစ္ဆာဟောင်းတစ်ပုဒ်ဖြစ်ပါသည်။ သို့သော် ဘီလာရုစ် နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် သဘောပေါက်နားလည်ရမည်မှာ ဤပုစ္ဆာကို အမှားအနည်းဆုံးဖြင့် တွက်ချက်နိုင်သည့် ဘီလာရုစ်အစိုးရ၏ တန်ဖိုးပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အခြေအနေအားလုံးကိုလည်း နားလည်သဘောပေါက်ကိုယ်ချင်းစာပါကြောင်း ဤဆောင်းပါးမှ ပြောကြားလိုက်ရပါသည်။ ။

Belarus Today အင်တာနက်သတင်းစာမျက်နှာတွင် ရုရှားဘာသာဖြင့်ဖော်ပြသည့် သတင်းဆောင်းပါး

Link / https://www.sb.by/articles/ne-datrazorvat-stranu.html

(ဤဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။)

မိုးထက်