COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ တိုးမြှင့် သတ်မှတ်ကြောင်း ကြေညာချက်

COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ တိုးမြှင့် သတ်မှတ်ကြောင်း ကြေညာချက်
၁။   COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရှေးရှုလျက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ကမာ္ဘ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများ အပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး၊ အဆိုပါ ကန့်သတ်ချက်များ အားလုံးကို ၃၀-၄-၂၀၂၁ ရက်နေ့အထိ ဆက်လက်တိုးမြှင့် သတ်မှတ်ကြောင်း ၃၁-၃-၂၀၂၁ ရက်စွဲပါကြေညာချက်ဖြင့် ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါသည်-
  (က) မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်များနှင့် စပ်လျဉ်း၍ ၁၅-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊
  (ခ) မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ထပ်တိုး ကန့်သတ်ချက်များနှင့် ဆိုက်ရောက်ဗီဇာနှင့် အီလက်ထရောနစ်ဗီဇာ ထုတ်ပေးခြင်းများအား ယာယီရပ်ဆိုင်းမှုတို့နှင့် စပ်လျဉ်း၍ ၂၀-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊
  (ဂ) ကမာ္ဘ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ထပ်တိုး ကန့်သတ်ချက်များနှင့် စပ်လျဉ်း၍ ၂၄-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊
  (ဃ) ကမာ္ဘ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသားများအား ဗီဇာကင်းလွတ်ခွင့်နှင့် လူမှုရေးဗီဇာ အပါအဝင် မည်သည့်ပြည်ဝင်ဗီဇာ အမျိုးအစား ကိုမဆို ယာယီရပ်ဆိုင်းမှုနှင့် စပ်လျဉ်း၍ ၂၈-၃-၂၀၂၀ ရက်စွဲပါကြေညာချက်။
၂။   COVID-19 ကူးစက်ရောဂါ ပြည်ပမှ ဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ မြန်မာပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး အတွက် ထိရောက်သည့် အစီအမံများကို ဆက်လက်ချမှတ် ဆောင်ရွက်သွားနိုင်ရန် ရှေးရှုလျက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် အထက်ဖော်ပြပါ ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများ အားလုံး ကို ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ပါသည်။
၃။   သို့ရာတွင် အရေးပေါ် အစိုးရတာဝန်ဖြင့်ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့် ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန်များနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများ အပါအဝင်)အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန် ရှိမည့် ကယ်ဆယ်ရေး လေယာဉ်(သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန် ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့် ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး/ အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ် အကူအညီ တောင်းခံရန် ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများ အားလုံးအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ တည်ဆဲ ညွှန်ကြားချက်များကို မပျက်မကွက် လိုက်နာကြရမည် ဖြစ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်