COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ဇွန်  ၃ဝ

COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ကျင်းပရာ   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း  တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရမည့် ဆေးနှင့်ဆေးပစ္စည်းများ၊ စက်ကိရိယာများကို အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးနိုင်ရေးအတွက်   ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်လာနိုင်သည့် ပစ္စည်းများကို ကြိုတင်တွက်ချက်ဝယ်ယူ စုဆောင်းထားသည့်လုပ်ငန်းများကိုလည်း အချိန်မီပြီးမြောက်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊   အထူးသဖြင့် အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေး အဘက်ဘက်မှ  ကြိုတင်ဆောင်ရွက်ထားရန်ဖြစ်ကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက်   ရုံးများ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အဦများ၊ ဘဏ်များ၊   ဈေးများအပါအဝင် လူစုလူဝေးများသော နေရာများတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်များ ထုတ်ပြန်ထားရှိပြီးဖြစ်၍ အဆိုပါ လုပ်ငန်း လမ်းညွှန်များနှင့်အညီ တိတိကျကျလိုက်နာ ဆောင်ရွက်ကြစေရေး  တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် ပူးပေါင်းညှိနှိုင်းကာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။ 

အခြေခံပညာ ကျောင်းများတွင်လည်း COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်များ၊   စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာစေရေး ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရောဂါဖြစ်ပွားမှု များပြားရာ  ဒေသများတွင်  အထူးသတိပြုကာ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ရောဂါဖြစ်ပွားမှု များပြားသည့်မြို့နယ်များကို လိုအပ်ပါက မိမိအိမ်တွင်သာ နေထိုင်ခြင်း (Stay at Home)အစီအစဉ်တွင်ပါဝင်သည့် မြို့နယ်များအဖြစ် သတ်မှတ်ပေးလျက် ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍  ဒုတိယညွှန်ကြားရေးမှူးချုပ်(ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး) ဒေါက်တာထွန်းတင်က လက်ရှိ COVID-19  ရောဂါဖြစ်ပွားမှု အခြေအနေနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို လည်းကောင်း၊ ညွှန်ကြားရေးမှူး(ကူးစက်) ဒေါက်တာတိုးသီရိအောင်က COVID-19 ရောဂါဖြစ်ပွားမှု များပြားလျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ်များ အခြေအနေကို လည်းကောင်း၊   ညွှန်ကြားရေးမှူး (ကုသရေး) ဒေါက်တာမိုးခိုင်က   ပြည်သူ့ဆေးရုံများတွင် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း  အသီးသီး တင်ပြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက် တစ်ခုချင်းအလိုက် အသေးစိတ် လမ်းညွှန်ပေးခဲ့ကြောင်း သိရသည်။