နေပြည်တော် ဧပြီ ၂၇
COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာ၌ အိမ်နီးချင်း အိန္ဒိယ၊ ထိုင်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ရောဂါ ဖြစ်ပွားမှု စံချိန်တင် များပြားနေ၍ မိမိတို့နိုင်ငံ တွင်လည်း COVID-19 ရောဂါ နောက်ထပ် လှိုင်းတစ်လှိုင်း ဖြစ်ပွားမလာစေရေးနှင့် မျိုးရိုး ဗီဇပြောင်းလဲနေသော COVID-19 ရောဂါပိုးများ မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက်၍ ကူးစက်ပြန့်ပွားခြင်း မရှိစေရန် မိမိတို့အနေဖြင့် အထူးဂရုပြု ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ရောဂါဖြစ်ပွားမှု များပြားရာနိုင်ငံများမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူများ တွင် ရောဂါပိုးတွေ့ရှိမှု အချက်အလက်များကို ဆန်းစစ်၍ လိုအပ်သည့်ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ဆေးသုတေသန ဦးစီး ဌာနမှ ပြည်ပနိုင်ငံများမှ ပြန်လာသော အတည်ပြုလူနာများထံမှ ရောဂါပိုးကို မျိုးရိုးဗီဇစစ်ဆေးရန် စီစဉ်လျက်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများမှ တာဝန် ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန များရှိ တာဝန်ရှိသူများမှ COVID-19 ရောဂါကာကွယ်တားဆီး ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ကာကွယ်ဆေး ထိုးနှံနေမှု အခြေအနေများ၊ လိုအပ်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေး နှင့် ကုသရေး ဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။