COVID-19 ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများအား ဆက်လက်လက်ခံပြီး လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်

 

နေပြည်တော်၊ ဇန်နဝါရီ - ၄

တပ်မတော်အနေဖြင့် Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများကို လက်ခံကုသပေးနိုင်ရန်အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက်ထား ရှိလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၅ ရက်မှစတင်၍ အတည်ပြု လူနာများကို လူမျိုး၊ ဘာသာမရွေးလက်ခံကာ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေး လျက်ရှိသည်။ ယနေ့အထိ လှိုင်မြို့နယ်ရှိ စစ်ကြော ရေးနှင့်တည်းခိုရေးစခန်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အရပ်သား ၃၃ ဦးကို ဆက်လက်လက်ခံ ကုသပေးလျက်ရှိပြီး အဆိုပါဓာတ်ခွဲ အတည်ပြုလူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်က စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ လက်ခံကုသမှုများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် အတည်ပြုလူနာ အရပ်သား ၃ ဦး၊ သီးသန့်စောင့်ကြပ် ကြည့်ရှုထားသူများအနက်မှ သတ်မှတ်ရက်ပြည့်မြောက်သည့် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၇၃ ဦးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၃ ဦးတို့ကို ယနေ့တွင် သက်ဆိုင်ရာရပ်ကွက်များသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးကြသည်။

ထို့ပြင် သီးသန့်စောင့်ကြည့်ရမည့် သူများကိုလည်း လက်ခံလျက်ရှိရာ ယနေ့တွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ ၇၇၉ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၁၇ ဦးတို့ကိုအသီးသီး လက်ခံထားရှိကြောင်းနှင့် စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး အဆိုပါသီးသန့်စောင့်ကြည့် ရမည့် သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။