နေပြည်တော်၊ ဇန်နဝါရီ - ၅
COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကူးသန်းသွားလာမှုများရပ်ဆိုင်းကာ သီးနှံများ ဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန်အခက်အခဲဖြစ်ပေါ်၍ သီးနှံများပျက်ဆီးဆုံးရှုံးနိုင်သည့် အခြေအနေများ ဖြစ်ပေါ်နေသောကြောင့် နယ်မြေခံတပ်မတော်သားများက စိုက်ခင်းများသို့ သွားရောက် ၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ရာသီသီးနှံများကို ဝယ်ယူပေးလျက်ရှိသည်။
ထိုသို့ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာရှိ ဒေသခံတောင်သူများထံမှ ခရမ်းချဉ်သီး ၂၀၀၀ ပိဿာနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ မြို့နယ်၊ ပွေးလှကျေးရွာအုပ်စု၊ ပွင့်လန်း ကျေးရွာရှိ ဒေသခံတောင်သူများ၏ စိုက်ခင်းများသို့ သွားရောက်၍ ဂေါ်ဖီထုပ် ၂၀၀၀ ထုပ်တို့ကို ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ထပ်မံဝယ်ယူပေးခဲ့ကြောင်း သတင်းရရှိသည်။