ကားဘစ်ဘေ၊ ကျန်းမာရေး
G-7 အဖွဲ့က ဆင်းရဲသောနိုင်ငံများသို့ လှူဒါန်းမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁ ဘီလီယံသည် သမုဒ္ဒရာထဲက ရေတစ်စက်မျှ သာဖြစ်ပြီး ရည်မှန်းချက်မရှိကြောင်းနှင့် အနောက်နိုင်ငံခေါင်းဆောင်များအနေဖြင့် ရာစုနှစ်တစ်ခုအတွင်း အဆိုးဝါးဆုံးသော ကျန်းမာရေး ကိစ္စကို ကိုင်တွယ်ဖြေရှင်းမှုအတွက် တာဝန်မကျေသေးသည်ကိုပြသနေကြောင်း စည်းရုံးလှုံ့ဆော်သူများက ဇွန် ၁၁ ရက်တွင် ပြောသည်။
G-7 အဖွဲ့ဝင်နိုင်ငံများမှခေါင်းဆောင်များအနေဖြင့် ယခုနှစ်အကုန်တွင် ကိုဗစ်-၁၉ ရောဂါကိုတိုက်ဖျက်နိုင်ရေးအတွက် ကမ္ဘာ့လူဦးရေ ၈ ဘီလီယံနီးပါးကို ကာကွယ်ဆေးထိုးရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လှူဒါန်းမှုများပြုရန် သဘောတူမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကမျှော်မှန်းထားသည်။ အလားတူ ဗြိတိန်အနေဖြင့် လာမည့်နှစ်အတွင်း ကာကွယ်ဆေးသန်း ၁၀၀ လှူဒါန်းမည်ဟု ဘောရစ်ဂျွန်ဆင်က ပြောသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးကို အထူးလုပ်ဆောင်မည်ဖြစ်ပြီး ဖိုင်ဇာကုမ္ပဏီထုတ်ကာကွယ်ဆေး သန်း ၅၀၀ ကိုလှူဒါန်းမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ကတိပြုထားသည်။ သို့သော် ကာကွယ်ဆေးလှူဒါန်းမှုသည် မှန်ကန်သော လမ်းကြောင်းအတွက် လှေကားထစ်တစ်ခုဖြစ်သော်လည်း အနောက်နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ရောဂါတိုက် ဖျက်ရေးအတွက် လိုအပ်သောဆောင်ရွက်ချက်များကို လုပ်ဆောင်ခြင်းမရှိကြောင်းနှင့် ရည်ရွယ်ချက် ပျောက်ဆုံးနေကြောင်း ကျန်းမာရေးနှင့် ဆင်းရဲမှုတိုက်ဖျက်ရေးအတွက် စည်းရုံးလှုံ့ဆော်သူများက ပြောသည်။
ကမ္ဘာကြီးကလိုအပ်နေသောအရာသည် ယခုနှစ်မကုန်မီကာကွယ်ဆေးလှူဒါန်းမှုဖြစ်ကြောင်းနှင့် လက်ရှိတွင် G-7 အဖွဲ့ဝင်ခေါင်း ဆောင်များအနေဖြင့် ကပ်ဘေးဆိုင်ရာ တောင်းဆိုမှုများကို ဖြည့်ဆည်းပေးခြင်းဖြင့် နိုင်ငံရေးခေါင်းဆောင်များအဖြစ် ပီသမှုကို ပြရမည်ဖြစ်ကြောင်း ပရဟိတဖောင်ဒေးရှင်း တစ်ခုမှတာဝန်ရှိသူတစ်ဦးဖြစ်သည့် အဲလက်ဟားရစ်က ပြောသည်ဟု သိရသည်။
Ref: TST