Special Purpose Vehicle ယာဉ်များ တင်သွင်းမှုနှင့်  သက်ဆိုင်သော မူဝါဒလုပ်ထုံးလုပ်နည်းများ ညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော်  ဇွန် ၂၈

လုပ်ငန်းသုံး ယာဉ်အုပ်စုတွင် ပါဝင်ပြီး အထူးတည်ဆောက်ထားသည့် Special Purpose Vehicle  ယာဉ်များ တင်သွင်းမှုနှင့် သက်ဆိုင်သော မူဝါဒ လုပ်ထုံးလုပ်နည်းများ ညှိနှိုင်း အစည်းအဝေးနှင့် နယ်စပ်ကုန်သွယ်ရေး အသင်းများနှင့် ကုန်သွယ်မှုကိစ္စရပ်များ ဆွေးနွေးခြင်း အစည်းအဝေးတို့ကို ယနေ့မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန   ဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက မိမိတို့ဝန်ကြီးဌာနအနေဖြင့်   ပြည်ပမ မော်တော်ယာဉ်များ တင်သွင်းသည့် မူဝါဒများနှင့်ပတ်သက်၍ စီးပွားရေး လုပ်ငန်းရှင်များ လုပ်သာကိုင်သာ ရှိစေရေးနှင့် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်များ ရရှိရေးဦးတည်ပြီး မူဝါဒများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ လုပ်ငန်းသုံး မော်တော်ယာဉ်များ တင်သွင်းရာတွင် နယ်စပ်စခန်းများမှ Brand New လုပ်ငန်းသုံး မော်တော်ယာဉ်များကိုသာ   တင်သွင်းခွင့်ပြုရန်နှင့် ပို့ကုန်/ သွင်းကုန် ကုမ္ပဏီများမှ ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ် တင်သွင်းခြင်းများကို ကန့်သတ်၍ အရောင်းစင်တာ၊ အရောင်းပြခန်း ဖွင့်လှစ်ထားရှိသော ကုမ္ပဏီများမှ တင်သွင်းရောင်းချခွင့်ပြုရန်    ဆက်စပ်ဝန်ကြီး ဌာနများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင် များသို့  အသိပေးခဲ့ပြီး ဖြစ်ကြောင်း။

လုပ်ငန်းသုံးယာဉ်အုပ်စုတွင် ပါဝင်ပြီး အထူးတည်ဆောက်ထားသည့် Special Purpose Vehicle  များဖြစ်သည့် အမှိုက်သိမ်းယာဉ်၊ ရေပုပ်စုပ်ယာဉ်၊ လူနာတင်ယာဉ်၊  ရေသယ်ယာဉ်၊  ဆီသယ်ယာဉ်၊ LPG/ LNG တင်ယာဉ်နှင့် ွှမကခု တငအ့ ဃမညေန ကဲ့သို့ ယာဉ်တင်သွင်းမှုနှင့် ပတ်သက်၍ လက်ရှိကျင့်သုံးနေသော မူဝါဒများ ပြန်လည်လေ့လာ  သုံးသပ်ရန်အတွက် ယခုကဲ့သို့    အစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း၊   ထို့ကြောင့်  အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ အနေဖြင့်  အကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။          

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် အသင်း အဖွဲ့များမှ ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Virtual စနစ်ဖြင့် ကျင်းပသည့် နယ်စပ် ကုန်သွယ်ရေး အသင်းများနှင့် ကုန်သွယ်မှုကိစ္စရပ်များ ဆွေးနွေးခြင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် နယ်စပ်ကုန်သွယ်မှု အခြေအနေများ၊   မြေပြင်တွင် လက်တွေ့ဆောင်ရွက်နေမှု အခြေအနေများကို တက်ရောက်လာကြသူများက ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။