အမ်းမြို့နယ်အတွင်းရှိ နေရပ်ပြန်မည့် တိုက်ပွဲရှောင် ဒေသခံပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်၊ နေရပ် အသီးသီးသို့ ပြန်လည်ပို့ဆောင်

နေပြည်တော်  ဧပြီ  ၇

ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ တိုက်ပွဲရှောင်စခန်း အသီးသီးမှ နေရပ်ပြန်မည့် တိုက်ပွဲရှောင်ဒေသခံပြည်သူများအား ထောက်ပံ့ငွေ၊ အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ဧပြီ ၆ ရက်နံနက်ပိုင်းတွင် အမ်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန   အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ  တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဌေးအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဦးစီးဌာနမှ  ဦးစီးမှူးနှင့်အဖွဲ့ဝင်များ၊ နေရပ်ပြန်မည့် တိုက်ပွဲရှောင်ဒေသခံပြည်သူများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ထောက်ပံ့

ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများပေးအပ်ရာ တိုက်ပွဲရှောင် ဒေသခံကိုယ်စားလှယ်များက လက်ခံရယူကြသည်။ ယင်းနောက် ခေတ္တတိုက်ပွဲရှောင်စခန်း အသီးသီးမှ ဒေသခံပြည်သူများအား ၎င်းတို့၏ နေရပ်ဒေသများဖြစ်သည့် ကျေးရွာ ၆ ရွာသို့ တပ်မတော်နှင့် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီတို့မှ စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်ပါပို့ဆောင်ပေးပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်စခန်းများမှ ဒေသခံပြည်သူများ မိမိတို့နေရပ်အသီးသီးသို့ နေထိုင်နိုင်ရေး နေရာအလိုက် စုဖွဲ့ပြင်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။