တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် - ၂၄

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Toshimitsu MOTEGI ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဂျပန် နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Ichiro MARUYAMA ၊ စစ်သံမှူး Colonel Takashi KOMATSU နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

  ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် ဆက်ဆံရေး ကောင်းမွန်လျက် ရှိပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ Covid-19 ရောဂါနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (World Health Organization-WHO) ၏ ညွှန်ကြားချက်များနှင့်အညီ အလေးအနက်ထား ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊  ယခုလ အစောပိုင်းမှစ၍ ရခိုင်ပြည်နယ်အတွင်း ရောဂါကူးစက်မှုနှုန်း များပြားလာသည့်အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ Covid-19 ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် စီးပွားရေးအရ ရိုက်ခတ်မှု များစွာရှိခဲ့ပြီး အခြားလိုအပ်ချက် များစွာရှိသော်လည်း စားရေးသည် နေ့စဉ်လိုအပ်ချက်ဖြစ်သည့်အတွက် စားနပ်ရိက္ခာ ဖူလုံရေးကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည့် အခြေအနေများ၊ ဂျပန်နိုင်ငံအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခဲ့သည့် အခြေအနေများ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် တရားဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကာကွယ်ရေးစိတ်ဓာတ်ကိုလည်း ထိခိုက်မှုမရှိအောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် (Covid-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ပိုမိုထိရောက် လျင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတကာ စံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ် ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ ထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးသွားမည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်နေမှုများကို ဂျပန်နိုင်ငံမှ လေ့လာရေးအဖွဲ့ဖြင့် လာရောက်လေ့လာမည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဂျပန်နိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။