ယမန်နေ့မှအဆက်
“ဦးစောဟန် မလွှတ်လို့ဆိုတာတော့ အစ်ကိုကြီးပြောလို့ ငါသိရတယ်၊ မလွှတ်တာတော့ အကြောင်းရှိချင်ရှိရမယ်လေ၊ မလာလို့ နင်က ဖေဖေ့အပေါ်မှာပျက်ကွက်တယ် မဆိုနိုင်ဘူး၊ ဦးစောဟန်ကသာ ပျက်ကွက်တာဖြစ်ရမယ်၊ ပြီးခဲ့တာလည်း ပြီးခဲ့ပါပြီဟယ်၊ ဒါတွေကိုမေ့ဖျောက်ပြီးတော့ ဖေဖေ့အတွက် ကုသိုလ်ကောင်းမှုပြုကြဖို့ အာရုံသာပြောင်းပါ။ စိတ်ထောင်းတော့ ကိုယ်ကြေဆိုတာ အမှန်ပဲ၊ ရှေ့လည်းအဆင်မပြေတာ တွေ့ချင်တွေ့ဦးမယ်၊ စိတ်ကိုခိုင်ခိုင်ထားပြီး ရင်ဆိုင်တာပေါ့ဟာ”
ထားထားသည် ပြောဟောပြီး သက်ပြင်းကို မျှဉ်းချလိုက်သည်။ ထို့နောက် ငြိမ်သက်လျက်နေကာ သူ့အတွေးမှာလွင့်နေလေသည်။
ဦးစောဟန်မှာ ချစ်ရုံကလွဲ၍ ဘာမျှမသိတတ်သူသာဖြစ်သည်။ ဝေ့ကို အေးချမ်းစေမည့်သူမဟုတ်။ ဝေ့အလိုကို စိတ်ဖြူးဖြောင့်နှင့် လိုက်လျောနိုင်မည့်သူမဟုတ်။ ဝေ့ကိုခွင့်လွှတ်မည့်သူ မဟုတ်ဘဲ ဝေကသာခွင့်လွှတ်ရမည့် သူပါတကား။
ထားထားသည် သူ၏အတွေးဖြင့် ဝေ့ကိုကြင်နာစွာ ပြန်စိုက်ကြည့်နေလေ၏။
ဝေနှင့်သူမှာ စကားပြောနေကြခြင်းမဟုတ်၍ ဝေ့ထံမှ စကားပြောရန်မမျှော်လင့်ပေ။ သူပြောတာတွေကို ဝေကြားပြီး အသင့်အတင့် ဆင်ခြင်နှလုံးသွင်းနိုင်ရင် သွင်းဖို့သာ ရည်ရွယ်ပြီး ပြောနေပုံရှိသည်။
ဝေ့မှာ ထားထားပြောတာတွေကို လက်ခံနှလုံးသွင်းကြည့်မည့် အခြေမျိုးနှင့် ကွာဝေးနေသေး၏။ အနာတက်နေသော လူနာ၌ ဆေးချက် မတိုးနိုင်ဘဲ အနာ၏နှိပ်စက်ခြင်းကို အလူးအလဲ ခံနေရတုန်းကဲ့သို့ပင် အနာတက်တုန်းဖြစ်နေသေး၏။
ထားထားသည် ဝေ့အား လွတ်လွတ်လပ်လပ် သက်သာသလိုနေပါစေရန် အခန်းထဲ၌ တစ်ယောက်တည်းထားခဲ့ကာ အိပ်ခန်းတံခါးကို အပြင်ကနေဆွဲစေ့ထားလိုက်သည်။
ဝေသည် တံခါးစေ့လိုက်သံကိုကြားမိပြီးနောက် ဤအတောအတွင်း အချိန်ကာလမခန့်မှန်းနိုင်သလောက် အရှိ၌ တံခါးဖွင့်သံလိုလို ကြားမိပြန်သည်။
ဝေသည် ခုတင်ပေါ်၌ ကိုယ့်လက်ကိုယ့်ခြေကိုပင် မသယ်ချင်အောင်ဖြစ်နေသည်။ မျက်စိလည်းမဖွင့်ချင်၊ အသံဗလံတွေလည်း မကြားချင်၊ တတ်နိုင်လျှင် ယင်ကောင်ကလေးပင် လာမနားပါလေနှင့်...။
“သမီးရယ်...”
သည်ကြားထဲ၌ ရင်ထဲ အသည်းထဲ အေးခနဲ ဖြစ်ရတာမျိုး ဘယ်သူမှခံစားဖူးမည်မထင်။
ဝေသည် မျက်ရည်လျှံသောမျက်လုံးဖြင့် အားယူကျုံးထလေသည်။ “မေမေ”ဟု တခေါ်ကာ ဖက်မိဖက်ရာ လှမ်းဖက်ထားပြီး ချုံးချငိုတော့လေသည်။ မိခင်၏ရင်ကို တိုးဝှေ့လျက် ရှိုက်ငင်ငိုနေခိုက် မိခင်က ကြင်နာစွာ ပြန်ဖက်ထားလေသည်။
သီလရှင်မိခင်၏ သိမ်မွေ့သောမျက်နှာ၌ မျက်လုံးများသည် မျက်ရည်ရောင်တောက်လက်နေသည်။ သူ၏ ဆင်ခြင်တုံတရားနှင့် သစ္စာလေးပါးနယ်နိမိတ်အတွင်းမှ ရုန်းကန်ထွက်လာသောမျက်ရည်ကို ကြိတ်မှိတ်ထိန်းသိမ်းရင်းမှ
လည်း သူ၏လှပခံ့ညား၍ မြတ်နိုးဖွယ်ရာ တည်ကြည်သောမျက်နှာမှာ ပုံပန်းအနည်းငယ် ပျက်နေသည်။
ထားထားမှာ ခုတင်နားတွင်ရပ်လျက် ကျောက်ရုပ်လိုပင် ထိတ်လန့်ဖွယ်ရာကောင်းအောင် ငြိမ်သက်စွာ ငေးကြည့်နေ၏။ သီလရှင်သည် ဝေေ၀အား နူးညံ့သောအကြည့်ဖြင့် အချိန်ကြာကြာကြီး ငုံ့စိုက်ကြည့် စဉ်းစားနေလေသည်။ နောက်မှ ဝေေ၀၏ကျောကို အသာအယာပုတ်လျက်-
“သမီး၊ ငြိမ်းချမ်းမှုဆိုတာ ဘယ်မှာမှမတွေ့နိုင်ပါဘူး၊ ဘယ်သူမှ မဖန်တီးနိုင်ဘူး၊ တကယ့်ငြိမ်းချမ်းမှုအစစ်ဟာ ကိုယ့်နှလုံးသားထဲမှာပဲရှိတယ်”
ဝေသည် မော့၍ သီလရှင်၏မျက်နှာနှင့် မျက်နှာချင်းအပ်လိုက်သည်။
သီလရှင်သည် သူ့ဘဝကို မြင့်မြတ်သည့်ဘဝနှင့် လဲထားပြီးပြီကို မမေ့သော်လည်း မျက်နှာပေါ်၌ အနည်းငယ်ညိုရောင်သန်းသွားသည်။ သူ့ရင်ထဲ၌ဘာဖြစ်နေသည်ကို မမြင်စေလို။ ဝေ၏ဆံပင်ကလေးများကို သပ်တင်ပေးသည်။ လက်ထဲဆုပ်ထားသော လက်ကိုင်ပဝါနှင့် မျက်ရည်များကို ယုယုယယတို့ သုတ်ပေးလျက် “အင်း...လောကကြီးဟာ စက်ဆုပ်စရာပါ၊ သံသရာကမလွတ်မချင်း သုခမရှိဘူး၊ စွဲလမ်းတွယ်တာသမျှ ဒုက္ခချည်းပဲ...”ဟု ပြောသည်။
ထိုသို့ပြောခြင်းဖြင့် သူ့ကိုယ်သူလည်း သတိပေးရာ ရောက်လေသည်။ သီလရှင်မှာ ဣန္ဒြေကို ပီသစွာ ပြန်ထိန်းထားနိုင်လျက်ရှိသည်။ သူ့မျက်လုံးထဲ၌ တရားရသည့် အရိပ်အယောင်များပင် ပေါ်ပေါက်လာသည်။
ထားထားသည် ပြန်၍ထိန်းထားသော မိခင်၏ ဣန္ဒြေကို မမှိတ်မသုန်ကြည့်နေလျက် ပူလောင်သောပရိဒေဝမှာ အတန်ငယ်သက်သာသလိုရှိမိ၏။ သစ်ခေါက်ဆိုးထားသော ဝတ်ရုံ၏ အဆင်းနှင့် တည်ငြိမ်ထားသည့် ဟဒယမှ ဣန္ဒြေအကြည်ဓာတ်သည် ပူပန်မှုကိုယုတ်လျော့သွားစေသလိုပင်။
မိခင်ကိုကြည့်နေရာမှ ဝေေ၀ကိုကြည့်ပြန်လေသည်။ ဝေေ၀၏မျက်နှာမှာ ဆွတ်ဆွတ်ဖြူနေသည်။ တုန်ယင်နီကြောင် သော မျက်လုံးတွင် နာကြည်းချက်၊ ပူဆွေးတမ်းတချက်များရောပြွမ်းနေသော အဓိပ္ပာယ်ကိုဆောင်လျက် မျက်ရည်ဥများ တွဲလောင်းခိုနေကာ နှုတ်ခမ်းကိုတင်းကျပ်စွာ စေ့ထားလေသည်။
“သမီး...အသက်မမီလိုက်ဘူးဆို...”
အသက်မမီရ၍ ဝမ်းနည်းခြင်းနှင့် ကိုက မလွှတ်၍ ကို့အပေါ်၌ ဝမ်းနည်းရခြင်းနှစ်မျိုးသည် ရင်ထဲတွင်ရှုပ်ထွေးလျက် သူ့တစ်ကိုယ်လုံးသည် မီးကဲ့သို့ပူပြင်းသွားကာ မျက်နှာကိုအုပ်လျက် ခေါင်းညိတ်ပြီးရှိုက်နေလေ၏။
သီလရှင်သည် ဝေ့ဘေးတွင် ခုတင်အစပ်နား၌ထိုင်ကာ “သမီးက ဘာကြောင့် မောင်နေဦးနဲ့မလိုက်ခဲ့သလဲ”ဟု ဆက်မေးနေသည်။ ဝေ့မှာ မီးလောင်ရာလေပင့်သလိုပင် အဖြေမပေးနိုင်၊ ရှိုက်ကာသာငိုနိုင်လေသည်။
ဆက်လက်ဖော်ပြပါမည်။