နေပြည်တော် ဧပြီ ၂၀
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား COVID- 19 ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံ ပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရွှေညောင်မြို့၊ ကလောမြို့၊ ရပ်စောက်မြို့၊ ပင်လောင်းမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ဖရူဆိုမြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ ကြံခင်းမြို့နှင့်ပန်းတနော်မြို့၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ အောင်မြေသာစံမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တို့အတွင်းရှိ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား သတ်မှတ်နေရာအသီးသီး၌ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ကျန်းမာရေး စစ်ဆေးပေးပြီး COVID- 19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။