ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားပူဇော်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁)အား Modular Trailer များဖြင့် ဆီမီးခုံဆိပ်ကမ်းမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်သို့ ပင့်ဆောင်ခြင်းအခမ်းအနားကို ဧပြီ ၄ ရက်က ပြုလုပ်ခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက် ကြည်ညိုခဲ့သည်။ ဆင်းတုတော်အပိုင်း(၁)သည် ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် နေပြည်တော် မင်္ဂလာနေရာသို့ ၂၀၂၁ ခုနှစ် ဧပြီ ၁၀ ရက် ညပိုင်းတွင်ရောက်ရှိခဲ့သည်။
အဆိုပါ ဘူမိဖဿမုဒြာ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁)အား ကြိုဆိုပင့်ဆောင်ခြင်းနှင့် ဘွဲ့တော်သမုတ်ပူဇော်ခြင်းမဟာမင်္ဂလာအခမ်းအနားကို ဧပြီ ၁၂ ရက် နံနက်ပိုင်းတွင်ကျင်းပရာ နိုင်ငံတော်သြဝါဒါစရိယ ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တ ကဝိသာရနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ တွဲဖက်ရွှေကျင်သာသနာပိုင် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရတို့ အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီးနောက် အခမ်းအနားမှူးက သီတဂူဆရာတော်ကြီးနှင့် သြဝါဒါစရိယဆရာတော်ကြီးများ၏ ရွေးချယ်ညွှန်ပြသြဝါဒတော်များနှင့်အညီ ဘူမိဖဿမုဒြာ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား “မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” ဘွဲ့တော်သမုတ်ပူဇော်ပါကြောင်း သုံးကြိမ်တိုင်တိုင် လျှောက်ထားရာ သြဝါဒါစရိယဆရာတော်ကြီးများနှင့် ဘုရားဒါယကာ၊ ဒါယိကာမများက ဝမ်းမြောက်ကြည်ညိုစွာဖြင့် သာဓုသုံးကြိမ်ခေါ်ဆိုတော်မူကြသည်။ ယင်းနောက် သြဝါဒဆရာတော်ကြီးများက မေတ္တာပို့ ဂါထာတော်များကို ရွတ်ဆိုပူဇော်၍ မေတ္တာပြုတော်မူကြပြီး သီတဂူဆရာတော်ကြီးက “မာရဝိဇယ” ဘွဲ့တော်နှင့် လျော်ညီစွာ အဋ္ဌဇယမင်္ဂလာဂါထာတော်များဖြင့် ပူဇော်သည်။
အဆိုပါ “မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” ဟူသည့်အမည်နာမကို သတ်မှတ်ရာတွင် “မာရ်နတ်မင်း၏ အနှောင့်အယှက်ရန်စွယ် အန္တရာယ်အပေါင်းကို အထူးအောင်မြင်တော်မူသောမြတ်စွာဘုရား”ဟု အဓိပ္ပာယ်ရပါကြောင်း၊ ရုပ်ပွားတော်မြတ်ကြီးကို ထုဆစ်ပူဇော်ရာတွင်လည်း မြတ်စွာဘုရားရှင်၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် သင့်လျော်ညီညွတ်သော ဘူမိဖဿမုဒြာဟန်ဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး ပလ’င်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၆၃ ပေ စုစုပေါင်း ၈၁ ပေအမြင့်ရှိမည် ဖြစ်ကြောင်း သိရှိရသည်။
မြတ်ဗုဒ္ဓဘုရားရှင်၏ သဒ္ဓမ္မသုံးဖြာသာသနာတော်မြတ်ကြီးကို ဘုန်းကံမြင့်မားကြသည့်ကုသိုလ်ရှင် ပါရမီရှင်များသာ ချီးမြှောက် ထောက်ပံ့လှူဒါန်း ပူဇော်ခွင့်ရရှိနိုင်သည့်အတွက် ယခုကဲ့သို့ မဟာမင်္ဂလာ အခမ်းအနားကြီး ကျင်းပ၍ အမျိုးဘာသာသာသနာကို တည်တံ့ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရသည့် ထူးခြားလှသည့် ကုသိုလ်တော် ပါရမီစွမ်းအားကြောင့် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ပါစေ၊ ကပ်ရောဂါဆိုးများ ကင်းရှင်း၍ ကျန်းမာချမ်းသာကြပါစေ၊ ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး အဓွန့်ရှည်ကြာစွာ တည်တံ့ထွန်းလင်းနိုင်ပါစေ၊ ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ် “မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး” တည်ထားကိုးကွယ်ခြင်း၏ ကောင်းမြတ်သော ရည်ရွယ်ချက်များနှင့်အညီ လျင်မြန်ချောမွေ့စွာ အောင်မြင်ပြီး မြောက်ပါစေ”ကြောင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်အား ရည်မှန်းပူဇော်လျက် ဆုမွန်ကောင်းတောင်း လိုက်ရပေသည်။ ။