ဖူးမြော်၍ ဉီးတော်တင်ချင်မိပါ၏

အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံခြားခရီးစဉ်များထွက်ရတဲ့အခါ နည်းနည်းကြာရင် အိမ်ကိုလွမ်းသလို ကိုယ့်မြန်မာပြည်ကြီး ကိုလည်း သတိရလွမ်းဆွတ်တတ်တာလူတိုင်းပါ။ မြန်မာပြည်လို့ဆိုရင်ပဲ တစ်မျိုးလေးလှတဲ့ မြန်မာပြည်မြေပုံရယ်၊       ဘုရားစေတီတော်ပုံတွေ အာရုံနဲ့ဖူးမြော်ရင်း    လွမ်းမောဖွယ်ခံစားရပါတယ်။

အထူးသဖြင့် ပုဂံကို မကြာမကြာ ရောက်တော့ ဘုရားစေတီများ ပုံတော်အမျိုးမျိုးနဲ့တည်ရှိနေတာ မျက်စိအာရုံမှာ ပြန်မြင်ဖူးမြော်ရင်း    လွမ်းမောဖွယ်ရင်မှာ ခံစားရပါတယ်။ ပြီးခဲ့တဲ့နှစ်က ပုဂံကိုရောက်ပြန်တော့ ဘယ်နှခါရောက်ရောက်    သွားတိုင်းအသစ်ဖြစ်လို့ မိမိတိုင်းပြည်ကို    မြတ်နိုးတွယ်တာရှိလှပါတယ်။ တစ်ဆက်တည်းတွေးမိတာက   ပုဂံပြည်ကြီးရှိခဲ့တာ သြော်ဂုဏ်ယူစရာကောင်းလိုက်တာ။ ပုဂံပြည်ကြီးက ဘုရားတွေလှည့်လည်ဖူးမြော်တိုင်းမှာ ကမ္ဘာအရပ်ရပ်က နိုင်ငံခြားသား ဘုရားဖူးတွေလာကြတာ မနည်းလှတာ တွေ့ရပါတယ်။ ဘုရားအဆူဆူနဲ့တည်ရှိနေပုံ  ပန်းချီ၊ ပန်းပု အဆောက်အအုံဗိသုကာလက်ရာတွေ   သူတို့အတွက် ပညာရပ်တွေသာမက ကျွန်မတို့မြန်မာနိုင်ငံကြီးရဲ့ ယဉ်ကျေးမှုတွေ စိတ်ဝင်စားလို့ အံ့သြချီးကျူးစရာမို့ ပညာရပ်တွေလေ့လာ မှတ်ကျောက်တင်ဖို့ လာကြတာပါ။  ပုဂံပြည်ကြီးက  ခေတ်အဆက်ဆက် သမိုင်းပညာရှင်တွေ၊ သမိုင်းသုတေသီတွေ၊  စာရေးဆရာတွေအတွက် ပညာရပ်တွေဖြန့်ဝေ ပေးနေတုန်းပါလား။   သက်ဝင်နေတုန်းပါလို့   ခံစားမိဂုဏ်ယူမိကြောင်းပါ။

ပထမပုဂံနိုင်ငံတော်ကြီးကို    တည်ထောင်ခဲ့တာ အနော်ရထာဘုရင်ကြီးပါလို့   ပြောကြားကြပါတယ်။

အနော်ရထာမင်းလက်ထက်   ထေရဝါဒဗုဒ္ဓဘာသာထွန်းကားလာခြင်းကို အထင်အရှားတွေ့ရပါတယ်။

ရှင်အရဟံမထေရ်မြတ်ကို ကိုးကွယ်ခွင့် ဆည်းကပ်ခွင့်ရခြင်းက အဓိကပါပဲ။ ဘုရင်ကြီးကိုယ်တိုင်ကလည်း သူနန်းတက်ခါစ အရည်းကြီး ရဟန်းများရဲ့   သီလမစင်ကြယ်မှုကို   မနှစ်မြို့သလို      တရားစစ်တရားမှန်ကို ရှာဖွေနေတာပါ။ ရှင်အရဟံကို  သက်ဝင်ယုံကြည်သလို   ဘုရားဟောဒေသနာကျမ်းဂန်များ ရရှိရေး     သုဝဏ္ဏဘူမိသထုံပြည်က     ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒ စတဲ့ပိဋကတ်တော်များ ကြိုးပမ်းပင့်ဆောင်ပါတယ်။ ဗုဒ္ဓအမွေအနှစ်များ တရုတ်ပြည်နှင့် သီဟိုဠ်မှ ဗုဒ္ဓစွယ်တော်များ ပင့်ဆောင်ရေး ကြိုးပမ်းမှုတွေ တွေ့မြင်လေ့လာရပါတယ်။  

အနော်ရထာမင်းနတ်ရွာစံတော့   ကျန်စစ်သားမင်းကြီးက မင်းတန်းပြီးမဖြစ်ပါဘူး။ ကျန်စစ်သားက သူ့တာဝန် သူကျေအောင်       သူရဲကောင်းတာဝန်ပဲ ယူခဲ့တာပါ။  ခမည်းတော်အနော်ရထာကို  လေးစားချစ်မြတ်နိုးပါတယ်။ နောက်မင်းတစ်ဆက် စောလူးမင်း မင်းပြုပြီးမှ ကျန်စစ်သားနန်းတက်တာပါ။ တိုင်းပြည်တစ်ခုတည်ဆောက်ဖို့သာမက အဓွန့်ရှည်ရပ်တည်ဖို့ ပုဂံတပ်မတော်ကြီးကို သေချာဖွဲ့စည်းတည်ဆောက်ပြီး အင်အားတောင့်တင်းခိုင်မာခဲ့လို့  ပထမမြန်မာနိုင်ငံတော်ကြီး ဆက်လက် ရပ်တည်နေနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ကျန်စစ်သားမင်းကြီး ကံကောင်းတာက    ရှင်အရဟံမထေရ်မြတ် သက်တော်ထင်ရှားရှိပြီး  သြဝါဒခံယူလိုက်နာခြင်းပါ။ ဖခင်တည်ထားခဲ့သော ရွှေစည်းခုံဘုရားက မပြီးပြတ်တာ ဆက်လက်တည်ထားကိုးကွယ်ပါတယ်။ ဘုရားသခင် နဖူးသင်းကျစ်နဲ့  ဓာတ်တော်စွယ်တော်တို့ကိုဌာပနာပြီး    ရွှေစည်းခုံစေတီကြီး တည်ခဲ့ခြင်းပါ။   ထုံးစံအတိုင်း   မက်ဗိုလ်ပါစုရုံး၊ ပြည်သူများလည်းပါဝင် တုရင်းတောင်မှကျောက်များ အလျားသုံးထွာ အနံတစ်ထွာစိတ်ခြမ်းပြီး  ရွှေစည်းခုံအထိ သယ်ပါတယ်။ လူတွေကို တစ်ဖက်နှစ်တန်းနဲ့လက်ဆင့်ကမ်းသယ်ခဲ့ရရှာပါတယ်။    သူ့ပြည်သူတွေနေပူဒဏ်ခံရတာ သနားကရုဏာသက်လို့ မန်ကျည်းပင်များ လမ်းဘေးဝဲယာပေါက်ဖို့ အဓိဋ္ဌာန်ဆုတောင်းပြီး စိုက်ပါတယ်။ ရရှိတဲ့ကျောက်တွေ သရွတ်(အင်္ဂတေသရိုး)လုပ်ဖို့ လိုအပ်တဲ့နွားနို့ တစ်နိုင်ငံလုံးရှိသူဌေးတွေထံမှ ငွေပေးဝယ်။ လှူသူကလှူ၊ ထုံးနဲ့ရောပြီးလုပ်ပါတယ်။ ထန်းရည်လည်းပါတယ်ဆိုပါတယ်။ ဒါကြောင့် ခုထိခိုင်မြဲနေတာလားတွေးမိပါတယ်။ ရှင်ဘုရင်ကျန်စစ်မင်းနဲ့ ရဲမက်ဗိုလ်ပါပြည်သူများရဲ့ကုသိုလ်တော် ရွှေစည်းခုံဘုရားကြီး ခုနစ်လနဲ့ခုနစ်ရက်မှာ အောင်မြင်စွာပြီးစီးပါတယ်တဲ့။ “ငါကား သခင့်အမွေတော်ကို ခံရပြီ” လို့ ဘုရင်ကြီးအားရပါးရ ကြုံးဝါးပါတယ်တဲ့။

စာရေးသူဆိုလိုရင်းက ပုဂံနေပြည်တော်ကြီးက နည်းပထမမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်ရပ်တည်နိုင်ခဲ့တာ   အခြေခံအုတ်မြစ်တွေ   ခိုင်ခံ့ခဲ့လို့ပါလို့ တင်ပြချင်တာပါ။  တိုင်းပြည်တစ်ပြည်ရဲ့ အုပ်ချုပ်ရေး တည်တံ့ခိုင်မြဲဖို့ ကာကွယ်ရေး အင်အား ခိုင်ကျည်ရပါမယ်။ ဘာသာသာသနာတော်ကြီး ချီးပင့်မြှောက်စားရပါမယ်။ ပြည်သူပြည်သား များကလည်း ခေါင်းဆောင်မှုနောက် စည်းလုံးညီညာစွာ လိုက်နာပူးပေါင်း ဆောင်ရွက်ရမယ်လို့ ယူဆရပါတယ်။ ကျွန်မအစရေးခဲ့စဉ်က ကိုယ့်ဌာနေက တိုင်းပြည်ပြည်ပရောက်တော့ ကိုယ့်ပြည်ကိုယ့်မြေကိုသတိရလွမ်းဆွတ်ရင် အရင်ဆုံးမြင်ယောင်မိတာ ဘုရားစေတီပုထိုးများ အာရုံပြုကြည်ညိုမိတာပါလို့ ရေးခဲ့ပါတယ်။ အခုကျွန်မအာရုံပြု ကြည်ညိုစရာ ဘုရားကြီးတစ်ဆူတိုးတော့မှာပါ။   နေပြည်တော်မှာ မာရဝိဇယဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတစ်ဆူ တည်တော်မူနေပါပြီ။

ရှေးပုဂံခေတ်ကလို ခက်ခက်ခဲခဲလက်ဆင့်ကမ်းစရာမလို၊   Modular Trailer နဲ့  သယ်ဆောင်ပြီး ခေတ်မီလှတဲ့စနစ်နဲ့ပဲ တည်ထားမှာဖြစ်ပါတယ်။ ဆရာတော်၊ သံဃာတော်များမှ ကြွရောက်ချီးမြှင့်၍ သာသနာတော်နှင့်ညီစွာ ပူဇော်ကြမိန့်မှာကြ ကူညီစောင့်ရှောက်ကြတာ ဝမ်းမြောက်သာဓုခေါ်မိပါတယ်။   ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်၊ ရေကန်ဥယျာဉ်သာသနာအဆောက်အအုံစုံလင်စွာနဲ့ ပလ္လင်တော်ပေါ်  စံပယ်တော်မူမယ့် ထိုင်တော်မူ စကျင်ဗုဒ္ဓ ရုပ်ပွားတော်ကြီး မကြာမီကာလ ကြည်ညိုဖွယ်ဖူးတွေ့ ရတော့မယ်လို့ ယူဆရပါတယ်။ အေးမြကြည်လင်ခိုင်မာတဲ့ စကျင်ကျောက်နဲ့ထုဆစ်တဲ့ မာရဝိဇယဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးက  မြတ်စွာဘုရားရှင်၏ ၃၂ ပါးသော လက္ခဏာ၊ ရှစ်ဆယ်သော   လက္ခဏာငယ် သင့်လျော်သော ညီညွတ်သော ဘူမိဖဿမုဒြာဟန်ထုဆစ်မှာပါတဲ့ ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၆၃ ပေလို့ လေ့လာသိရှိရပါတယ်။

နိုင်ငံတော်ကြီးအတွက် သာသနာအတွက်သာမက အားလုံးသော ပြည်သူပြည်သားတွေ တစ်စိတ်တစ်ဝမ်းနဲ့ ညီညာဖြဖြပူးပေါင်း ပါဝင်ကြိုးစား ဆောင်ရွက်ပါလျှင် တည်ငြိမ်အေးချမ်း သာယာဝပြောခေတ်မီတိုးတက်သော နိုင်ငံတော်သစ်တစ်ခုလို   အောင်မြင်မှုတွေ မြင်တွေ့ရမယ့် အချိန်အခါရောက်မှာလို့ ယုံကြည်စိတ်ဖြစ်ပေါ်ပါတယ်။

ဆရာတော်ကြီးတွေဟောကြားသလို    ပုံတော်မှဂုဏ်တော်သို့ဆိုသလိုပဲ ဗုဒ္ဓဘုရားရှင်နဲ့ ဂုဏ်တော်များ အာရုံထားပွားများလျက် ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်များဆည်းကပ်စရာ ဘူမိဖဿဘုရားရှင် ဖူးမြော်ခွင့် ရလာတော့မှာပါ။ အဲဒီအခါ တစ်နေရာကို ခရီးသွားပြီး အာရုံမှာ လွမ်းဆွတ်ဦးမြော်ပြီး ဖူးချင်မိတဲ့ ဘုရားများထဲက  နေပြည်တော်က ဘူမိဖဿဘုရားကြီးလည်း တစ်ဆူအဖြစ် ပါဝင်လာတော့မယ်လို့ တွေးမိပါတယ်။

ပုဂံခေတ်ကာလမှစလျက် သာသနာကိုစောင့်ရှောက်သောမင်းများ ပြည်သူပြည်သားများကို ကရုဏာမေတ္တာပေးစွမ်းသော တိုင်းပြည်ခေါင်းဆောင်သူ၊ သာသနာပြုကြသူ၊ ဘုရားဒါယကာများအားလုံး  ရိုသေလေးစားဂါရဝပြုပါတယ်။ အတိတ်ကာလမှ ယနေ့ကာလအထိ အမိမြန်မာနိုင်ငံတော်ကြီးနဲ့    အချုပ်အခြာအာဏာသာမက သာသနာတည်တံ့ ခိုင်မြဲလက်ဆင့်ကမ်းအမွေသယ်ပိုးဆောင်ရွက်နေခြင်းများ တာဝန်ယူဆောင်ရွက်နေမှုများအတွက်  ဂုဏ်ယူဝမ်းမြောက် ပါကြောင်းနှင့် ပထမမြန်မာနိုင်ငံတော်ကြီးမှသည်  ယခုခေတ် ထိုမှကမ္ဘာဆုံးထိတိုင်ပါစေ        တောင်းဆုခြွေပါသည်။

ဘိုးဘွားအစဉ်အဆက် ဘာသာသာသနာ၏ အဆုံးအမဖြင့် ကြီးပြင်းခဲ့သော ယဉ်ကျေးမှုမြင့်သော လူမျိုးတို့မှ  အကြီးမားဆုံးသော   မာရဝိဇယဘူမိဖဿ မုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ကြည်ညို ဆည်းကပ် ကိုးကွယ်ခွင့်ရရှိသော    ပြည်သူပြည်သားများ ဖြစ်ကြတော့မှာဖြစ်လို့ ကြိုတင်ကြည်နူး ကုသိုလ် တွေနှင့် ပီတိဖြစ်မိပါတယ်။ သာဓုအကြိမ်ကြိမ် ခေါ်ဆိုရပါကြောင်းနှင့် ဖူးမြော်ချင်လာမိကြောင်းပါ။   ။

မရွှေမြိုင်(ပျဉ်းမနား)