နိုင်ငံသားတိုင်း ပူးပေါင်းပါဝင်ကြရန်

မြန်မာနိုင်ငံ၏လက်ရှိအနေအထားသည် ဒီမိုကရေစီလမ်းကြောင်းမှသွေဖည်ကာ ပြည်သူလူထု၏ နိုင်ငံသား အခွင့်အရေးတို့ ဆုံးရှုံးသွားသည့် အခြေအနေ မဟုတ်ပါ။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တည်ရှိနေသည့် အစိုးရဖြစ်ပြီး ထိုအစိုးရအဖွဲ့တွင် တပ်မတော်နှင့်အရပ်ဘက်တို့ပူးပေါင်းဖွဲ့စည်းထားသည်။ အရပ်ဘက်ကပင် ပိုမို၍ များပြားသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အရပ်သားများကိုသာ တာဝန်ပေးထားခြင်း ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခေါင်းဆောင်သည်မှန်သော်လည်း တစ်သွေးတစ်သံတစ်မိန့်ပုံစံမျိုး မဟုတ်ဘဲ စုပေါင်းဆွေးနွေး ညှိနှိုင်းခြင်း၊ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းတို့ဖြင့်သာ ဒီမိုကရေစီနည်းလမ်းအတိုင်း ဆောင်ရွက်လျက်ရှိသည်။ အစိုးရအဖွဲ့တွင်လည်း အမှန်တကယ် အတွေ့အကြုံနှင့် ကျွမ်းကျင်သူများကို ခန့်ထားခြင်း ဖြစ်သည့်အတွက် နိုင်ငံအတွက် စိတ်အေးဖွယ်ရာဖြစ်သည်။ အခြားနိုင်ငံက မိမိနိုင်ငံကို တစ်ခွန်းပြောလျှင် မိမိဘက်ကဆယ်ခွန်းမက ပြန်ပြောနိုင်သော ပညာရှင်များစွာ ပါဝင်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပေါ်ပေါက်လာခြင်းဖြစ်ရပ်မှန်သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲလိမ်၊ မဲခိုး၊ မဲမသမာမှုများစွာဖြစ်ပွားခြင်းကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ အမှန်တရားကို တိတိကျကျ မှန်မှန်ကန်ကန် ဖြေရှင်းပေးသင့်ပါလျက် ဖြေရှင်းပေးခြင်းမရှိဘဲ ငါဆိုသော အတ္တမာန်ကြီးမားခဲ့သည်။ မြန်မာနိုင်ငံတွင် တစ်ပါတီတည်းက ကြီးစိုးလွှမ်းမိုးအောင် လုပ်ဆောင်ခြင်းသည် စစ်မှန်၍ စည်းကမ်း ပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ကို ဖျက်ဆီးခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် UEC  အသစ်၏ ထုတ်ပြန်ချက်များကို ကြည့်လျှင် မဲမသမာမှုကိုနည်းလမ်းပေါင်းစုံ လုပ်ဆောင်ခဲ့ကြောင်း ထင်ရှားလှသည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းများ စိစစ်တွေ့ရှိမှုတွင် လဝကစာရင်းထက် မြို့နယ်ကော်မရှင်စာရင်းက အရေအတွက်ပို၍ များနေခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူများပြားခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်တစ်ခုတည်းဖြင့် မဲစာရင်း ၃ ကြိမ်နှင့် အထက်ပါဝင်နေသူများ၊ ၂ ကြိမ်ပါဝင်နေသူများကို အရေအတွက်နှင့်တကွ နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိသည်။ ထို့ပြင် မြို့နယ်အလိုက် ဆန္ဒမဲလက်မှတ်များ မြေပြင်စစ်ဆေးတွေ့ရှိချက်တွင် ထုတ်ယူရရှိ၊ အသုံးပြု၊ ကျန်ရမည့်မဲလက်မှတ်၊ မြေပြင်လက်ကျန် အကြောင်းအချက်များတွင် ကျန်ရမည့် မဲလက်မှတ်ထက် လျော့နည်းနေခြင်း၊ တရားမဝင်မဲလက်မှတ် အပိုတွေ့ရှိရခြင်းများ ကိုလည်း UEC အသစ်အနေဖြင့် နေ့စဉ်သတင်းထုတ်ပြန်ပေးလျက် ရှိသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသော အဖွဲ့ဖြစ်သည်။ ထိုသို့တာဝန်ရှိကြောင်းကိုလည်း ပုဒ်မ ၂၀(စ)တွင် အတိအလင်းပြဋ္ဌာန်း ပေးထားသည်။ ပုဒ်မ ၇ တွင် နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟူ၍ ပြဋ္ဌာန်းထားပေရာ ပြည်သူအများစု လိုလားသော ထိုစနစ်မပျက်ယွင်းစေရေးမှာ တပ်မတော်၏ အဓိကတာဝန် ဖြစ်ပေသည်။

တပ်မတော်၏အခန်းကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် “ယခုအခါ နိုင်ငံ့အရေးကိစ္စရပ်များကြောင့်သာ ဝင်ရောက်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီးချိန်မှစ၍ တပ်မတော်အနေဖြင့် နိုင်ငံ့တာဝန်များကို ဝင်ရောက်ထမ်းဆောင်ခဲ့ရသည်များ ရှိကြောင်း၊ အဆိုပါ ကာလများအတွင်း ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကိုလည်း ဖြေရှင်းခဲ့ရကြောင်း၊ တပ်မတော်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် ကောင်းမွန်သည့် အမွေဖြစ်သဖြင့် မိမိတို့အနေဖြင့် စည်းကမ်းတကျဖြင့် ဆောင်ရွက်ရန်လိုကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ဖြင့် အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် အစစ်အမှန်ကို လိုလားသူ နိုင်ငံသားတိုင်းက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသား လိုက်ရပေသည်။   ။