ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ လှူဖွယ်ပစ္စည်းများ၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်

နေပြည်တော်   ဧပြီ  ၂၂

ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများတွင် ဆွမ်းအဆင်ပြေစေရေးအတွက်   တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ် အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့်   လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မေဓါဝီကျောင်းစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊   ငါးထပ်ကြီး(မြောက်)ရပ်ကွက်၊ မဟာမင်္ဂလာကျောင်းတိုက်၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ မစိုးရိမ်ကျောင်းတိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၊ သဖန်းချိုကျေးရွာ၊ ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ဘွဲ့ပင်ကန်ရပ်ကွက်၊ ဘွဲ့ပင်ကန်ဘုန်းတော်ကြီး ကျောင်းများရှိ  သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ COVID-19 ရောဂါကာကွယ်ရေးအထောက် အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ သာသနာ- ၂၅၀၀ ကျောင်းတိုက်၊    ရေကန်တောင်ဆုတောင်းပြည့်ကျောင်းတိုက်နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊   မေဓါဝီကျောင်းစာသင်တိုက်တို့ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား နေ့ဆွမ်းများကိုလည်းကောင်း သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များအလိုက် တာဝန်ရှိသူများက     သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့အပြင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မေဓါဝီကျောင်းစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်များနှင့်    သာသနာနွယ်ဝင် သီလရှင်များအား တပ်မတော်မှဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြကြောင်း သတင်းရရှိသည်။