အဆိပ်ရည် အလောင်းခံရသူကလေးများ

ရိုးသားသောပြည်သူအများစုကို ဝါဒမှိုင်းတိုက်ခဲ့သည်မှာ ပြည်ပအထောက်အပံ့ရယူထားသူများဖြစ်သည်။ ထိုသူများသည် အလုပ်အကိုင်မည်မည်ရရပြစရာမရှိသော်လည်း သူတို့တွင် သုံးမကုန်နိုင်သော ငွေကြေးများ၊ နေစရာအိမ်များရှိသည်။ အရေးအကြောင်းဆို ခိုလှုံစရာသံရုံးများရှိသည်။ သူတို့သည် ရိုးသားသောပြည်သူများ၊ အထူးသဖြင့် လူငယ်များကို မြှောက်ပင့်သွေးထိုးသည်။ အကြောင်းအရာ အမျိုးမျိုးပြကာ လူငယ်များကို ခိုင်းစေသည်။

ဂျန်ဇက်ဟုခေါ်သည့် လူငယ်လူရွယ်လေးများသည် နောက်ကွယ်မှမသမာသူများ ကြိုးကိုင်နေသည့် နိုင်ငံရေး ကစားကွက်အတွင်း နယ်ရုပ်လေးများသဖွယ် အသုံးချခံနေရသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့မြင်နေရသည်။

နောက်ကွယ်မှစေခိုင်းသမျှ၊ သွေးထိုးမြှောက်ပင့်ပေးသမျှ လုပ်ဆောင်သည်။ အချို့ကလေးများဆိုလျှင် မိဘပြောစကားကိုပင် ဂရုမစိုက်တော့။ တလွဲဆံပင်ကောင်းနေသည်။ သူတို့ကိုယ်သူတို့ တကယ့်တော်လှန်ရေး သမားဟု ပင်ခံယူထားလေသလားမသိ။ ဟိုတစ်ခေတ်က တိုက်ရဲတာအလံနီ၊ သေရဲတာအလံနီဟူ၍ ကြွေးကြော်ရင်း တောတောင်ထဲတွင် အချင်းချင်း ဖြုတ်ထုတ်သတ်လုပ်ကာ သေဆုံးသွားခဲ့ကြသည်။ ဤသည်မှာ တကယ့်သမိုင်းဖြစ်ရပ်မှန် ဖြစ်သည်။ ထိုသို့သောသမိုင်းကြောင်းကို လူငယ်တွေလေ့လာသင့်၊ သိထားသင့်သည်။

နောက်ကွယ်က သွေးထိုးမြှောက်ပင့်နေသူများက ဘေးကင်းလုံခြုံရာ အဲကွန်းခန်းအတွင်းနေ၍ ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါ၊ ငါတော့မလုပ်ဘူးဆိုသူများသာ ဖြစ်သည်။ ပါးစပ်ထဲထည့်သော အဆိပ်မှာ လူတစ်ယောက်သာ သေစေနိုင်သော်လည်း နားထဲထည့်သောအဆိပ်မှာ တစ်တိုင်းပြည်လုံး သေဆုံးသွားနိုင်ပေသည်ဟူ၍ ပညာရှင်တို့ သတိပေးထားသည်။ နားထဲဝင်သွားသည့်အဆိပ်လူးသောစကားကြောင့် ဂျန်ဇက်ဆိုသော လူငယ်များ အဆိပ်မိနေကြပြီလား။ အဆိပ်ရည်ဖြင့် အလောင်းခံနေရပြီလားဟူ၍ တွေးမိရင်း စိတ်မကောင်းခြင်းများစွာ ဖြစ်မိသည်။

လွန်ခဲ့သော ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးစဉ်ကာလ အုံလိုက်ကျင်းလိုက်မဲဆွယ်စဉ်က ပြောခဲ့သော စကားများကို မှတ်မိနေသည်။ အခုရွေးကောက်ပွဲဝင်မယ့် NLD ပါတီကိုယ်စားလှယ်လောင်းတွေဟာ တတ်သိနားလည်တဲ့ ကျွမ်းကျင်ပညာရှင်များသာ ဖြစ်ကြောင်း သရုပ်ဆောင်များက ပြည်သူလူထုကို အဆိပ်တိုက်ကျွေးခဲ့သည်။ အမှန်တကယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည့်အခါ မိမိတို့ဆွေးနွေးရမည့် အကြောင်းအရာကိုပင် မှန်အောင် မဆွေးနွေးနိုင်၍ လွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ်ပါ ကိုယ်စားလှယ်ကြီးဟူ၍ အကြိမ်ကြိမ်ပြောယူရသည်။ ဆိုလိုသည်မှာ ထိုပါတီကို အပြစ်ဆိုလိုခြင်းမဟုတ်ပါ။ ပြည်သူကိုအဆိပ်ခတ် သူတို့အကြောင်းကို နမူနာပြခြင်းသာဖြစ်သည်။ ကျွမ်းကျင်ပညာရှင်များ ဆိုသည်မှာ ငွေကြေးမြောက်မြားစွာ အကုန်အကျခံကာ ပြည်ပမှငှားရမ်းထားသော အကြံပေး ၉၂ ဦး ဆိုလိုခြင်းဖြစ်ကြောင်း နှောင်းမှသိကြရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်း တိမ်းစောင်းသွားခြင်းကို မနှစ်သက်၍ နိုင်ငံတော်ကို တာဝန်ယူလိုက်ရခြင်းဖြစ်သည်။ ဖြစ်ရပ်မှန်ကိုလည်း အကြိမ်ပေါင်းများစွာ ရှင်းလင်းပြသခဲ့ပြီး ဖြစ်သည်။ ဖြစ်ရပ်မှန်များ မသိရှိစေရေးအတွက် ည ၈ နာရီ သတင်းကြေညာသည့် အချိန်တွင် သတင်းနားမထောင်နိုင်ရန်အတွက် သံပုံးတီးခြင်းကို အစပြုခဲ့သည်။ ထို့နောက် နိုင်ငံပိုင်သတင်းစာများကို မဖတ်အောင် လှုံ့ဆော်သည်။ တချို့သောဒေသတွင် နိုင်ငံပိုင်သတင်းစာများကို အများသူ ငါမဖတ်နိုင်အောင် တစ်ဦးတည်းက အကုန်ဝယ်ယူသိမ်းထားကြောင်း ပြည်သူတို့၏ အသံများကြားရသည်။

ထိုသို့ဖြစ်လာသောအခါ ဂျန်ဇက်တို့သည် သတင်းအမှန်ကိုမသိ၊ သွေးထိုးမြှောက်ပင့်သူတို့ပြောသမျှ အမှန်ထင်တော့သည်။ တချို့အလုပ်အကိုင် မရှိသူများကို ငွေပေး၍ ခိုင်းစေသည်။ တချို့ဆိုလျှင် ငွေကျပ် ၅၀၀၀ ရရုံနှင့် စက်ရုံကိုမီးရှို့သည်။ အချို့မီဒီယာများသည် လက်နက်ကိုင်သောင်းကျန်းမှုများဖြစ်လာစေရန် သွေးထိုးလှုံ့ဆော်သည်။ ပြည်တွင်းစစ် ဖြစ်လာနိုင်သည် ဆိုသည့်နှတ်ကြောင်း ပေးမှုများကို ပြုနေသည်။ ယင်းသို့လုပ်ဆောင်နေသူများသည် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အန္တရာယ်များသည့်ကိစ္စဖြစ်ကာ လူငယ်၊ လူရွယ်များကို လမ်းမှားရောက်အောင် တွန်းပို့နေခြင်းလည်း ဖြစ်သည်။ သို့ဖြစ်ပါ၍ ချစ်စွာသော ဂျန်ဇက်ကလေးများ မိမိနားထဲသို့ အဆိပ်ရည်လောင်းခြင်း မခံရစေရေးအတွက် အသိ၊ သတိဖြင့် ကာကွယ်ကြပါရန် ရေးသားလိုက်ရပေသည်။  ။