မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့သည်။ လွတ်လပ်ရေး ရပြီးစအချိန်တွင် ယခင်ကလွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်ခဲ့ကြသူများအချင်းချင်း ဝါဒသဘောထားကွဲလွဲကာ စည်းလုံးညီညွတ်မှု ပြိုကွဲခဲ့သည်။ အချို့က လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရန် တောတွင်းသို့ ရောက်သွားကြသည်။ အချို့က မူဝါဒလမ်းစဉ်ကိုအကြောင်းပြသည်။ အချို့က လူမျိုးရေးကိုအကြောင်းပြသည်။ သူတစ်လူငါတစ်မင်း အကွဲကွဲအပြားပြား ဖြစ်သွားချိန်တွင် နိုင်ငံတော်အတွက် မကွဲမပြားစည်းလုံးညီညွတ်စွာ ရပ်တည်ခဲ့သည်မှာ တပ်မတော်သာရှိခဲ့သည်။ တပ်မတော်သည် အင်အားနည်းပါးလှသော်လည်း စိတ်ဓာတ်ထက်မြက် လွန်းသည်။ ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန်စိတ်ထားဖြင့် နိုင်ငံတော်ကိုကာကွယ်ခဲ့ကြသည်။ ထိုသို့ခိုင်မာသော စိတ်ဓာတ် တစ်နည်းဆိုရလျှင် ကျည်တစ်တောင့် လူတစ်ယောက်ကျန်သည်အထိ တိုက်ရဲသည့် စိတ်ဓာတ်ရှိထားသည့်အတွက် လွတ်လပ်ရေးရရှိချိန်မှယနေ့တိုင် တပ်မတော်ကို နိုင်အောင်တိုက်နိုင်သော လက်နက်ကိုင်အဖွဲ့အစည်းဟူ၍ လုံးဝ(လုံးဝ)မတွေ့ရှိခြင်းဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကျော်ခန့် မြန်မာ့ရုပ်ရှင်လောကတွင် အလွန်နာမည်ကြီးပြီး လူကြိုက်အများဆုံး မင်းသားတစ်ယောက်ရှိခဲ့သည်။ ခေတ်တစ်ခေတ်တွင် သူ့လောက်လူကြိုက်အများဆုံး၊ ပရိသတ်အားအပေးဆုံး မင်းသားဟူ၍မရှိခဲ့ပေ။ ထိုမင်းသားမှာ ရွှေဘဖြစ်သည်။ သူပါဝင်သရုပ်ဆောင်သော ဇာတ်ကားတိုင်းတွင် သူသည်တောင်သူလယ်သမား၊ အလုပ်သမားလူတန်းစားကိုကိုယ်စားပြုသည်။ အများအကျိုးပျက်စီးစေမည့် အဖျက်လုပ်ရပ်မျိုးကို သူလက်မခံ၊ တိုက်ဖျက်သည်။ ထိုခေတ်က ကျေးလက်တောရွာများတွင် ပိတ်ကားထောင်၍ ရုပ်ရှင်ပြကြရသည်။ အလှူပွဲ၊ ဘုရားပွဲ စသည်ဖြင့်နှစ်စဉ်ကျင်းပလေ့ရှိသော ပွဲတော်များတွင် ရွှေဘပါဝင်သောရုပ်ရှင်သည် မပါမပြီးဖြစ်ခဲ့သည်။
လူ့သဘောသဘာဝအရ ဇာတ်လိုက်သည် လူစွမ်းကောင်း ဆိုသော်လည်း အမြဲတမ်းနိုင်နေလျှင် သဘာဝကျမည်မဟုတ်။ သို့ဖြစ်၍ တစ်ခါတစ်ရံ ရွှေဘရှုံးနိမ့်သော အခန်းများကို ထည့်သွင်းရသည်။ ထိုအခါမျိုးတွင် ပွဲဆူလေပြီ။ ကြည့်နေသော ပရိသတ်အပေါင်းက ရွှေဘ ရှုံးနိမ့်ရပါ့မလားဟူ၍ ဒေါသထွက်ကာ ပိတ်ကားကို ခဲဖြင့်ပစ်ပေါက်ကြသည်။ ပွဲထိန်းသူများကမိုက်ဖြင့် “သည်းခံတော်မူကြပါခင်ဗျာ၊ ရွှေဘပြန်နိုင်ပါလိမ့်မယ်” ကြေညာရသည်။ ထိုအခါမှ ပရိသတ်ငြိမ်သက်သည်။ မကြာမီ ရွှေဘပြန်နိုင်သွားသည်။ ထိုအခါ “ဟေး” ခနဲ သြဘာပေးသံများ ကွင်းလုံးလျှံသွားလေသည်။
အများကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုးလုပ်ဆောင်နေသူသည် ဘယ်တော့မှရှုံးနိမ့်မည် မဟုတ်ပါ။ သူ့ကိုနိုင်မည့်သူလည်း ပေါ်လာစရာအကြောင်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော် တိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်သည့်စိတ်၊ အမျိုးဘာသာ သာသနာကို မကွယ်ပျောက်အောင်ကာကွယ်နေသည့်စိတ်ဓာတ်များကြောင့် တပ်မတော်သည် အောင်ပွဲခံနေမည်သာဖြစ်သည်။ မေလ ၉ ရက်နေ့ထုတ် သတင်းမီဒီယာများတွင် “KIA အဖွဲ့၏ ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်နိုင်ရေးကြိုးပမ်းမှုကို တပ်မတော်ကတားဆီး ထိန်းချုပ်နိုင်ခဲ့” ဟူသော သတင်းတစ်ပုဒ်ကို တွေ့မြင်လိုက်ရသည်။ KIA ဘက်မှ အကျအဆုံးများစွာရှိခဲ့ပြီး လက်နက်မျိုးစုံ ၃၅ လက်နှင့် ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိသည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို နိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသော ထာဝရငြိမ်းချမ်းရေးရရှိရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)လမ်းကြောင်းအား ဆက်လက်လျှောက်လှမ်းနိုင်ရန် လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးကို ခိုင်မာအောင် ဆက်လက်ဆွေးနွေးခြင်း၊ လက်မှတ်မရေးထိုးရသေးသည့် လက်နက်ကိုင် အဖွဲ့များကို လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးနိုင်ရေးတို့ကို အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်နေပါသည်။
တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှစတင်၍ နိုင်ငံတော်အစိုးရ၏လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများကို နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို တရားဝင်ရပ်ဆိုင်းပေးထားသည်။ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးရန် လမ်းဖွင့်ပေးထားသော်လည်း KIA အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး လမ်းကြောင်းသို့ရောက်မလာဘဲ ပြည်သူလူထု၏အသက်အိုးအိမ်ကို ပျက်စီးစေခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေခြင်း၊ လမ်းတံတားများကိုမိုင်းထောင်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ဆောင်ရွက်နေပါသည်။ ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး အတွက် လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ တပ်မတော်သည် ပြည်သူလူထု၏ ကောင်းကျိုးကိုသာ သယ်ပိုးဆောင်ရွက်နေခြင်း ဖြစ်၍ ရွှေဘကဲ့သို့ အောင်ပွဲဆင့်ဆင့် အောင်လံလွှင့်နေမည်သာ...ဖြစ်ပါကြောင်း ညွှန်းဆိုရေးသား လိုက်ရပေသည်။ ။