နေပြည်တော် သြဂုတ် ၂၇
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် ရန်ကုန်မြို့ အမေရိကန်နိုင်ငံ သံရုံးမှ သံရုံးယာယီတာဝန်ခံ/သံမှူးကြီး Mr. George N. Sibley ကို ယနေ့မွန်းလွဲ ၁ နာရီတွင် လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် သေဆုံး ပျောက်ဆုံးသွားသော အမေရိကန် တပ်ဖွဲ့ဝင်များ၏ ရုပ်ကြွင်းများကို ရှာဖွေခြင်းနှင့် ပြန်လည်သယ်ဆောင်ခဲ့သည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် သဘောထားအမြင်၊ ရခိုင်ဒေသ အရေးကိစ္စနှင့် စပ်လျဉ်း၍ သဘောထား အမြင်များနှင့် နှစ်နိုင်ငံတပ်မတော် အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ထိုသို့တွေ့ဆုံရာ၌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးငြိမ်းချမ်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။
