ရန်ကုန် သြဂုတ် ၂၇
ရခိုင်ပြည်နယ်၏ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်၌ မိမိဆန္ဒအလျောက် စေတနာ့ဝန်ထမ်းအဖြစ် ရခိုင်ပြည်နယ်တွင် အချိန်ကာလ တစ်လခန့်အကြာ တာဝန်ထမ်းဆောင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ စေတနာ့ ဝန်ထမ်း အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၂၅ ဦးတို့သည် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာလေကြောင်းလိုင်းဖြင့် ထွက်ခွာလာရာ ညနေ ၄ နာရီ မိနစ် ၅ဝ တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိသည်။
ယခုသွားရောက်သည့် စေတနာ့ဝန်ထမ်းများမှာ COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် အတွေ့အကြုံရှိပြီး Community Based Facility Quarantine Center များ၌ တာဝန်ထမ်းဆောင် ခဲ့ဖူးသူများဖြစ်ကာ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့၏ အစီအစဉ်ဖြင့် စေတနာ့ဝန်ထမ်း ဆရာဝန်များမှ လေ့ကျင့်သင်ကြားပေးသော စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်း တက်ရောက်ပြီးသည့်သူများ၊ စေတနာ့ဝန်ထမ်း ဂုဏ်ပြုကတ်ပြား ရရှိပြီးသူများ ဖြစ်ကြသည်။
ရခိုင်ပြည်နယ်သို့ သွားရောက်သည့် စေတနာ့ဝန်ထမ်းများ၏ စားသောက်ရေး၊ နေထိုင်ရေး၊ သွားလာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စများအား အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ (National Volunteer Steering Unit) မှ တာဝန်ယူဆောင်ရွက်ပေးသွား မည်ဖြစ်သည်။အဆိုပါ စေတနာ့ဝန်ထမ်းများ၏ ဓာတ်ခွဲ နမူနာများကို သြဂုတ် ၂၆ ရက်နံနက်ပိုင်းတွင် စစ်ဆေးခဲ့ပြီး ကျန်းမာရေး ကောင်းမွန်သူများ ဖြစ်ကြောင်း သိရသည်။