ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အစိတ်အပိုင်း(၁)အား ပြည်ကြီးမွန်ဖောင်တော်ဖြင့် လှေတော်ဝင်းခင်း၍ ပင့်ဆောင် ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော် ၊ သြဂုတ် - ၂၈
     
နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အစိတ်အပိုင်း(၁)အား ပြည်ကြီးမွန်ရတနာရွှေဖောင်တော်ဖြင့်  လှေတော်ဝင်းခင်း၍  ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာ မြို့နယ် စကျင်ကျေးရွာအနီး၌ ကျင်းပပြုလုပ်ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူ ဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ တွဲဖက်ရွှေကျင် သာသနာပိုင်၊ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော သံဃာ တော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
    
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူ များက သီတဂူဆရာတော်ဘုရားကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်ဘုရားကြီး အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ရွတ်ပွား သရဇ္ဈာယ်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ကြသည်။
    
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်ပူဇော်ခြင်းအတွက် ဝမ်းမြောက်ရွှင်လန်း ဥဒါန်းစကားမြွက်ကြားရာတွင် ယနေ့အခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်း မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကြောင်းဖြင့် ဆုတောင်း မေတ္တာ ပို့သအပ်ပါကြောင်း၊ ဤကမ္ဘာလောကကြီးတွင် သဗ္ဗညုဘုရားရှင် ပွင့်ထွန်းပေါ်ပေါက် လာသည့်အတွက် ဝေနေယျသတ္တဝါများအားလုံး ကောင်းကျိုးချမ်းသာ ရရှိခံစား နိုင်သည်ဟု ဟောညွှန်ချက်များအရ မှတ်သားရပါကြောင်း၊ သဗ္ဗညုဘုရားရှင်၏ သာသနာတော်တွင် မတ္တရာမြို့နယ် စကျင်တောင်တော်မှ ပင့်ဆောင်တော်မူသည့် ကျောက်တော်ကြီးများဖြင့် ထုဆစ်သော ဗုဒ္ဓရုပ်ပွားတော်မြတ်အဆူဆူတို့သည် သာသနာ့မော်ကွန်းကို အစဉ်ထာဝရ ဖော်ညွှန်းနိုင်ခဲ့ပါကြောင်း၊ ရှေးယခင် သာသနာပြု မင်းအဆက်ဆက်မှစ၍ ယနေ့ကာလတိုင်သည်အထိ စကျင်ကျောက်တော်ကြီး များကို ပင့်ဆောင်၍ ဗုဒ္ဓရုပ်ပွားတော်မြတ်များအဖြစ် ထုဆစ်ပူဇော်ခဲ့ရာ အင်းဝခေတ် ၌ တနင်္ဂနွေမင်းသည် အင်းဝမြို့တွင် "လောကသရဖူ ကျောက်တော်ကြီးဘုရား" စစ်ကိုင်းမြို့တွင် "လေးကျွန်းမာန်အောင် ကျောက်တော်ကြီးဘုရား" တို့ကို တည်ထား ပူဇော်နိုင်ခဲ့ပါကြောင်း။
    
အမရပူရခေတ်၊ ဘိုးတော်ဗဒုံမင်း လက်ထက်တွင်လည်း အသည်ဝန်၊ မဟာမင်းလှကျော်စွာ ဦးဆောင်၍ တောင်သမံအင်းအနောက်ဘက်၌ "နေပူခံဘုရားကြီး" ခေါ် "တောင်မင်းကြီး ကျောက်တော်ကြီးဘုရား"ကို တည်ထားပူဇော်နိုင်ခဲ့ပါကြောင်း၊ ဗဒုံမင်း၏သားတော် ဘကြီးတော် စစ်ကိုင်းမင်း သည်လည်း တောင်သမံအင်းအရှေ့ ဘက်တွင် "မဟာသကျရံသီ ကျောက်တော်ကြီးဘုရား" ကို တည်ထားပူဇော်နိုင်ခဲ့ ပါကြောင်း၊ အလားတူ ရတနာပုံမြို့တည် နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း ကြီးသည်လည်း မန္တလေးတောင်ခြေ၌ "ကျောက်တော်ကြီးဘုရား"ကို အသီတိသာဝက ရှစ်ကျိပ်သော ရဟန္တာအရှင်မြတ်အပါး ၈၀ တို့ခြံရံ၍ သိုက်မြိုက်သပ္ပာယ်စွာဖြင့် တည်ထားပူဇော်နိုင်ခဲ့ပါကြောင်း။
    
ထို့နောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ တပ်မတော်အစိုးရ လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းတော်၌ "လောက ချမ်းသာ အဘယလာဘမုနိ ကျောက်တော်ကြီးဘုရား" ကို တည်ထားပူဇော်နိုင်ခဲ့ပြီး ဒီမိုကရေစီခေတ်ဦး ပထမအစိုးရလက်ထက်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ဥတ္တရသီရိမြို့နယ်၌ "ကုသိနာရုံ လျောင်းတော်မူ ကျောက်တော်ကြီးဘုရား"နှင့် ဥတ္တရ သီရိမြို့နယ်၊ အောင်မောဠိတောင်ညွန့်ထက်တွင် ပုဂံအာနန္ဒာဘုရားတောင်ဘက်မုခ် ရှိ ကဿပဘုရားရှင်ပုံတော်အတိုင်း "မဟာသကျရံသီ ရပ်တော်မူ ရုပ်ရှင်တော်မြတ်ကြီး" တို့ကို အသီးသီးတည်ထားပူဇော်နိုင်ခဲ့ပါကြောင်း။
    
ယနေ့အခမ်းအနားတွင် ပင့်ဆောင်ပူဇော်မည့် ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အစိတ်အပိုင်း(၁)အပါအဝင် အစိတ်အပိုင်း ၉ ပိုင်းသည် တန်ချိန် ၅ ထောင်ကျော်ရှိပြီး Angelo Mining Company  မှ ဦးအောင်ခိုင်သန်း မိသားစုတို့က ခရစ်နှစ် ၂၀၁၃ ခုနှစ်တွင် Shwe Foundation  သို့ လှူဒါန်းခဲ့ခြင်းဖြစ်ပါကြောင်း၊ Shwe Foundation  ၏ မေတ္တာရပ်ခံချက်အရ ဘုရားတပည့်တော်ဦးဆောင်သည့် ခုနှစ်ရက်သားသမီး ဘုရားဒါယိကာ၊ ဒါယိကာမ တို့က သီတဂူဆရာတော်ဘုရားကြီး၊ ရွှေသုဝဏ်ဆရာတော်ဘုရားကြီးနှင့် ပါမောက္ခချုပ် ဆရာတော်ကြီးတို့၏ သြဝါဒများနှင့်အညီ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ပူဇော်ရာတွင် မြတ်စွာဘုရားရှင်၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် သင့်လျော်ညီညွတ်သော ဘူမိဖဿမုဒြာ ဟန် ဖြင့် ထုဆစ်ပူဇော်ရန်နှင့် ပလ္လင်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၆၃ ပေ၊ စုစုပေါင်း ၈၁ ပေအမြင့်ဆောင်စေလျက် သဗ္ဗညုဘုရားရှင်၏ ကြည်လင်သန့်ရှင်း ဖြူဝင်းသော သြဒါတဂုဏ်တော်၊ သီရိဂုဏ်တော်တို့နှင့် ပြည့်စုံစေရန်အတွက် ခေတ်မီ နည်းစနစ်များဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပါကြောင်းဖြင့် ဝမ်းမြောက်ဖွယ်စကား လျှောက်ထား အပ်ပါကြောင်း။
    
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော် အတွင်း ထုဆစ်ပုံဖော် ပူဇော်သွားရန်အတွက် မတ္တရာမြို့နယ်၊ စကျင်တောင်မှ မြောင်မြစ်အတိုင်း၊ ယင်းမှ တစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း မြင်းခြံမြို့နယ်ရှိ ဆီမီးခုံဆိပ်ကမ်းသို့ ဒေဝါဝင်း၊ ရာဇာဝင်းများ လိုက်ပါ ပူဇော်သည့် ကရဝိတ်ရွှေဖောင် တော် ပါဝင်သော လှေတော်ဝင်းများ ဝန်းရံခင်းကျင်းကာ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်လောင်းလျာ ပင်မကျောက်တော်ကြီးအား" ပြည်ကြီးမွန် ရတနာရွှေဖောင်တော်ကြီး"ဖြင့် ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့တွင် ဆင်ယင်ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း။
    
ဆက်လက်၍ ရာသီဥတု ကောင်းမွန်သာယာပြီး သင့်လျော်ကောင်းမြတ်သည့် မင်္ဂလာအချိန်ကာလတွင် "ပြည်တော်ဝင်အခမ်းအနား" အဖြစ် မြင်းခြံမြို့နယ် ဆီမီးခုံမှ တံတားဦးအဝိုင်း၊ ယင်းမှ တစ်ဆင့် မန္တလေး-ရန်ကုန် အမြန်လမ်းအတိုင်း ရာဇဌာနီခေါ် မင်းနေပြည်တော်သို့ ပင့်ဆောင်ပူဇော်သွားမည်ဖြစ်ပါကြောင်း၊ ဘုန်းတန်ခိုးတော်ကြီး မားတော်မူလှသော သဗ္ဗညုမြတ်စွာဘုရား၏ ဟောကြားညွှန်ပြ သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီးကို ဘုန်းကံမြင့်မားကြသည့် ကုသိုလ်ရှင်ပါရမီရှင်များသာ ချီးမြှောက်ထောက်ပံ့လှူဒါန်းပူဇော်ခွင့် ရရှိနိုင်သည့်အတွက် ယခုကဲ့သို့ မဟာမင်္ဂလာ အခမ်းအနားကြီး ကျင်းပ၍ အမျိုးဘာသာသာသနာကို တည်တံ့ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရသည့် ထူးခြားလှသည့် ကုသိုလ်တော်ပါရမီ စွမ်းအားကြောင့် နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ပါစေကြောင်း၊ ကပ်ရောဂါဆိုးများ ကင်းရှင်း၍ ကျန်းမာချမ်းသာကြပါ စေကြောင်း၊ ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီး အဓွန့်ရှည် ကြာစွာ တည်တံ့ထွန်းလင်းနိုင်ပါစေကြောင်း၊ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်း၏ ကောင်းမြတ်သော ရည်ရွယ်ချက်များနှင့်အညီ လျှင်မြန်ချောမွေ့စွာ အောင်မြင်ပြီး မြောက်ပါစေကြောင်း ဆုမွန် ပတ္ထနာလောင်း၍ ဝမ်းမြောက်ရွှင်လန်း ဥဒါန်းစကားလျှောက်ထားကာ သာသနာ့မော် ကွန်း ဖော်ညွှန်းအပ်ပါကြောင်းဖြင့် လျှောက်ထားသည်။
    
ဆက်လက်၍ ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်ပူဇော်ရန် သီတဂူဆရာတော်ဘုရားကြီးအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အမှူးပြုသော ဧည့်သည်တော်များနှင့် ဒေဝါဝင်း၊ ရာဇာဝင်းများက ပြည်ကြီးမွန် ဖောင်တော်ထက်သို့ ပင့်ဆောင်ကြကာ ဆင်းတုတော်အစိတ်အပိုင်း(၁)ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပူဇော်ပြီး မင်္ဂလာလှေတော်ဝင်းအဖွဲ့မှ လှေလှော်သံ တက်ယိမ်း ဖြင့် ပူဇော်ကြသည်။
     
ဆက်လက်၍ ပြည်ကြီးမွန်ဖောင်တော်ကြီး စတင်ထွက်ခွာရန်အတွက်  လှေလှော်သားများက လှေလှော်သံသီချင်းဖြင့်  ပင့်ဆောင်ပူဇော်၍  မင်္ဂလာစည်တော် ကြီးအဖွဲ့က ရေကင်းသံတီးမှုတ်ပူဇော်ကြကာ နတ်ဒေဝါများကို အမျှပေးဝေခြင်း ဆောင်ရွက်ကြပြီး ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်လောင်းလျာ ပင်မကျောက်တော်ကြီးအား တင်ဆောင်ထားသည့် " ပြည်ကြီးမွန် ရတနာရွှေ ဖောင်တော်ကြီး" သည် မင်္ဂလာအချိန်တွင် စတင်ထွက်ခွာရာ သီတဂူဆရာတော်ဘုရား ကြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ် အပေါင်းတို့က မုခ်ဦးကမ်းနဖူးမှ ကြည်ညိုပူဇော်ခဲ့ကြသည်။
    
ယင်းနောက်  ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား အောင်မြင်ပြီးမြောက်ခြင်း အထိမ်းအမှတ်အဖြစ်  ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုး ခဲ့ကြသည်။
     
ယနေ့အခမ်းအနားဖြင့် ပင့်ဆောင်ခဲ့သည့် ဆင်းတုတော်အစိတ်အပိုင်း(၁) စကျင်ကျောက်တော်ကြီးသည် အလေးချိန် ၉၇၀ တန်ခန့်ရှိပြီး M.V Moon Light  ရေယာဉ်ဖြင့် တင်ဆောင်၍စကျင်တောင်မှ မြောင်မြစ်အတိုင်း ဧရာဝတီမြစ်အတွင်း မှတစ်ဆင့် ဆီမီးခုံဆိပ်ကမ်းသို့ ပင့်ဆောင်မည်ဖြစ်ပြီး သြဂုတ် ၂၉ ရက်တွင် ဆီမီးခုံ ဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ်ပါသည်။ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ပလ္လင်တော်အစိတ်အပိုင်းများကို ဇူလိုင်လအစောပိုင်းတွင် ခေတ္တထားရှိမည့်ဆီမီးခုံကျေးရွာလမ်းဆုံအနီးမင်္ဂလာနေရာသို့ ပင့်ဆောင်ပူဇော်ထား ရှိပြီးဖြစ်ကြောင်းနှင့် ပင့်ဆောင်ရန်ကျန်ရှိသော ဆင်းတုတော်အစိတ်အပိုင်းများအား ဆက်လက်ပင့်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။