နေပြည်တော်၊ သြဂုတ် - ၂၈
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်၌ ဆက်လက်ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၃) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်၍ စစ်လက်ရုံးအသီးသီးအတွက် စိစစ်ရွေးချယ်သည်။
အဆိုပါစစ်လက်ရုံးရွေးချယ်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗိုလ်လောင်းများအား တစ်ဦးချင်းတွေ့ဆုံကာ သင့်လျော်သည့်(ကြည်း၊ ရေ၊ လေ) စစ်လက်ရုံးအသီးသီးအတွက် စိစစ်ရွေးချယ်ပေးခဲ့ကြသည်။
စစ်လက်ရုံးရွေးချယ်မှုများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့ သွားရောက်၍ သွားနှင့် ခံတွင်းရောဂါကုသမှုဌာန၊ မျက်စိရောဂါကုသမှုဌာနနှင့် နှလုံးရောဂါကုသမှု ဌာနတို့အား လိုက်လံကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးသန့်နှင့် ဌာန အလိုက်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဌာနအလိုက် ဆေးနှင့်ဆေးပစ္စည်းလိုအပ်ချက်များ၊ ဆရာဝန်ခန့်အပ်ထားရှိမှုအခြေအနေများနှင့် အခြား လိုအပ်ချက်များမေးမြန်းပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ သွားနှင့် ခံတွင်း ကျန်းမာရေးနှင့် ပတ်သက်၍ တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ဒေသခံများ ဂရုစိုက်ဆောင်ရွက်မှုရှိစေရန် ဟောပြောမှုများပြုလုပ်ပေးရန်လိုကြောင်း၊ စနစ်တကျ သွားတိုက်မှု၊ ထိန်းသိမ်းမှုပုံစံများကို လမ်းညွှန်ပြသကြရမည်ဖြစ်ကြောင်း၊ တပ်မတော် သင်တန်းကျောင်းများတွင်လည်း သင်တန်းသားများအား သွားနှင့် ခံတွင်းရောဂါနှင့် ပတ်သက်၍စနစ်တကျထိန်းသိမ်းမှုရှိရန် ကျန်းမာရေးအသိပညာပေးမှုများ ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်းနှင့် ဆေးရုံအတွင်း သန့်ရှင်းသပ်ရပ်ပြီး စနစ်ကျနမှုရှိရန် လိုအပ်သည့် အခြေအနေများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။