အယ်ဒီတာ့အာဘော်
(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ် ၂၉ ရက်)
လွတ်လပ်သော နိုင်ငံတော်တစ်ခု၏ တန်ဖိုးကို လွတ်လပ်ရေး ဆုံးရှုံးသွားသောအခါမှ သိရှိနားလည်ကြသည်။ လွတ်လပ်ရေး ဆိုသည်မှာ ပါးစပ်ဖြင့် တောင်းယူ၍ ပြန်လည်ရယူနိုင်သည့် အရာမျိုးမဟုတ်ပေ။ မြန်မာ့သမိုင်းတွင် ဘကြီးတော်မင်းတရား လက်ထက် ၁၈၂၄ ခုနှစ်၌ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ ဖြစ်ပွားရသည်။
မြန်မာတို့ စစ်ရှုံးသွားသဖြင့် ၆၆ နှစ်ကြာ တစည်းတလုံးတည်း ရှိခဲ့သော မြန်မာနိုင်ငံတော်၏ ပိုင်နက်အချို့ ဖဲ့ယူခြင်းခံလိုက်ရသည်။ ကုန်းဘောင်ခေတ်သည် နှစ်ပေါင်း ၁၃၂ နှစ်ရှည်ကြာခဲ့သည်။ ဘကြီးတော်မင်း အုပ်ချုပ်သောအချိန်သည် ကုန်းဘောင်သက်တမ်း တစ်ဝက်ကျော် ကာလဖြစ်သည်။
ဘကြီးတော်မင်းတရားက သူ့လက်ထက်ကျမှ ဤသို့ဖြစ်ရလေခြင်းဟူသော နာကျင်စိတ်ကို ရင်ဝယ်ပိုက်ခဲ့ရသည်။ ပုဂံမင်းလက်ထက် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ ဖြစ်ပွားသည်။ စစ်ရေးအခြေအနေ မလှသော ပုဂံမင်းကို ညီတော် မင်းတုန်းမင်းက နန်းချကာ အမရပူရနေပြည်တော်ကို သိမ်းပိုက်ခဲ့သည်။ ပုဂံမင်းမှာ ကုန်းဘောင်မင်းဆက်တွင် အဆိုးဆုံး မင်းတစ်ပါးဖြစ်သကဲ့သို့ မင်းတုန်းမင်းကား ထိုခေတ်တွင် အကောင်းဆုံး မင်းတစ်ပါးဖြစ်ပေသည်။ နန်းကျနောင်တော်ကို ကွပ်မျက်သုတ်သင်ခြင်း မပြုဘဲ အိမ်ဖြူတော်၌ အသက်ထက်ဆုံး စံနေတော်မူစေခဲ့သည်။
မင်းတုန်းမင်းနှင့် ပတ်သက်၍ ဒေါက်တာမတ် (Dr. Marks)ရေးသော မြန်မာပြည်ဝယ် နှစ်လေးဆယ် စာအုပ်တွင် ''ကျွန်တော်သည် မင်းတုန်းမင်းနှင့် ဆက်ဆံခွင့်ရရှိခဲ့သူ တစ်ဦးဖြစ်ရာ သူ့ကိုအလွန်တရာ ရိုသေလေးမြတ်ခဲ့ဖူးပါသည်။ ကျေးဇူးတင်စရာလည်း များစွာရှိပါသည်။ သူသည် ရှင်ဘုရင် ပီသသော ရုပ်လက္ခဏာနှင့် ပြည့်စုံလျက် ပညာကိုမြတ်နိုးသော သူတော်ကောင်းလည်း ဖြစ်ပါသည်။ သို့သော် နိုင်ငံရေးရာတို့၌ကား ဉာဏ်အမြော်အမြင် ကျဉ်းမြောင်းသည်ဟု ထင်ပါသည်'' ဟူ၍ ရေးသားထားသည်။
ဒေါက်တာမတ်မှာ ခရစ်ယာန်သာသနာပြု တစ်ဦးဖြစ်သည်။ မင်းတုန်းမင်းသည် နိုင်ငံရေးရာတို့၌ကား အမြော်အမြင် ကျဉ်းမြောင်းသည်ဟူသော မှတ်ချက်ပေးခြင်းမှာ ခိုင်လုံသော အကြောင်းပြချက်ရှိပေသည်။
မင်းတုန်းမင်းတွင် ယုံကြည်ချက် တစ်ခုရှိနေသည်။ အဆိုပါ ယုံကြည်ချက်မှာ ကမ္ဘာ့နိုင်ငံရေး ရှုပ်ထွေးလာလျှင် အင်္ဂလိပ်အစိုးရက သူတို့စစ်တပ်များကို ရုပ်သိမ်းကာ သူတို့သိမ်းပိုက်ထားသော နယ်မြေများကို မြန်မာဘုရင်လက်သို့ ပြန်အပ်ခဲ့လိမ့်မည်ဟု ယူဆပေသည်။ ထို့ကြောင့် အထက်မြန်မာပြည်ကို သူကဉာဏ်အမြော်အမြင်ကြီးစွာဖြင့် တရားနှင့်အညီ အုပ်ချုပ်ကြောင်းကို အင်္ဂလိပ်တို့ သိစေလိုသည်။ အင်္ဂလိပ်တို့၏ သဘောထားကြီးမှုနှင့် ရက်ရောမှုတို့ကို များစွာမျှော်လင့် အားထားနေသည်။
မင်းတုန်းမင်းက ဆုံးရှုံးသွားသော နယ်မြေများ ပြန်ရဖို့အတွက် ဒေါက်တာမတ်ကို အားကိုးမိသည်။ မန္တလေးမြို့တော်တွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ကျောင်းဆောက်လုပ်ခွင့်ပြုပြီး ကုန်ကျငွေ အရပ်ရပ်ကိုပင် တာဝန်ယူလိုက်သေးသည်။ အင်္ဂလန်ရှိ ခရစ်ယာန်ဘာသာရေး ရန်ပုံငွေဖြင့် ဆောက်လုပ်မည်ကိုပင် မင်းတုန်းမင်းက လက်မခံဘဲ စေတနာမေတ္တာ ထားရှိခဲ့သည်။ မင်းတုန်းမင်းက ဒေါက်တာမတ်ကို လန်ဒန်သို့ သွားရောက်ပြီး ဝိတိုရိယဘုရင်မကြီးကို မင်းတုန်းမင်း၏ စိတ်ထားကောင်းမွန်ပုံကို လျှောက်ထားခိုင်းသည်။ ပုသိမ်မြို့ သို့မဟုတ် ရန်ကုန်မြို့ကို ကူးသန်းရောင်းဝယ်ရေး လွယ်ကူရန်အတွက် မြန်မာဘုရင်ထံ ပြန်လည်ပေးရန် ပြောဆိုခိုင်းသည်။
ဒေါက်တာမတ်က သူစွမ်းဆောင်နိုင်ခြင်း မရှိကြောင်း ငြင်းပယ်ခဲ့သဖြင့် မင်းတုန်းမင်းကြီး တွေးထင်သလို ဖြစ်မလာခဲ့ပေ။
အင်္ဂလိပ်လက်အောက် ကျရောက်နေသော မြန်မာပိုင်နယ်မြေများ ပြန်လည် ရရှိရေးအတွက် မင်းတုန်းမင်း၏ ဆောင်ရွက်ချက်သည် ကောင်းမွန်သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ အရာရာတိုင်းကို မြန်မာလူမျိုးတို့ကဲ့သို့ စိတ်ကောင်းနှလုံးကောင်း ရှိသူများအဖြစ် သတ်မှတ်မိခြင်း သည်ကား မင်းတုန်းမင်း၏ အမှားဖြစ်သည်။
ထို့ကြောင့်ပင်လျှင် ဒေါက်တာမတ်က မင်းတုန်းမင်းသည် နိုင်ငံရေးရာတို့၌ ဉာဏ်အမြော်အမြင် ကျဉ်းမြောင်းသည်ဟု မှတ်တမ်းပြုခြင်း ဖြစ်လေသလားဟု တွေးမိသည်။ နိုင်ငံကို အုပ်ချုပ်သူသည် အမြော်အမြင်များစွာ ကြီးမားရန်လိုအပ်ကြောင်း သမိုင်းက ညွှန်းဆိုပြသည်။ ခေတ်မီအင်အား တောင့်တင်း၍ စွမ်းရည်ထက်မြက် မြင့်မားသော အမြဲတမ်း တပ်မတော်တစ်ရပ်ရှိနေရန် လိုအပ်ကြောင်းကိုလည်း သမိုင်းက မီးမောင်းထိုးပြသည်။
တပ်မတော်မရှိလျှင် နိုင်ငံ ကျွန်ဖြစ်မည်မှာ ရာနှုန်းပြည့် အမှန်တရားဖြစ်သည်။ ကျွန်ဖြစ်ပြီးသွားကာမှ ချစ်ကြည်ရေးစကား ပြောဆို၍ လွတ်လပ်ရေး ပြန်တောင်းလျှင် ဘယ်နည်းနှင့်မှ ရလိမ့်မည်မဟုတ် ဟူသော အချက်မှာလည်း ရာနှုန်းပြည့် အမှန်တရားဖြစ်သည်။ မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိသည်။ မည်သည့်နိုင်ငံကိုမျှ စတင်ကျူးကျော် တိုက်ခိုက်ခြင်းမပြုသကဲ့သို့ နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြား တပ်ဖွဲ့ကိုမျှ တပ်ချခွင့်ပြုမည် မဟုတ်ပါ။ မြန်မာ့အချုပ်အခြာအာဏာနှင့် ပတ်သက်၍ ထိပါးစော်ကားလာလျှင်လည်း နိုင်ငံ့ရေးရာတို့၌ ဉာဏ်အမြော်အမြင် ကျဉ်းမြောင်းလိမ့်မည် မဟုတ်ကြောင်း ရေးသား တင်ပြလိုက်ရပေသည်။ ။