နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေသူများနှင့် ဆွေးနွေး

နေပြည်တော်  သြဂုတ်  ၂၈

  Coronavirus   Disease   2019 (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေး    အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည် နယ်အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ စစ်တွေမြို့သို့ ရောက်ရှိနေသည့် Volunteer  စောသော်မိုးအယ်တို့နှင့် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ  နိုင်ငံတော် သမ္မတအိမ်တော်  အစည်းအဝေးခန်းမ၌ Video  Conferencing   စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍  လက်တွေ့အခြေအနေများကို အပြန်အလှန် ဆွေးနွေးသည်။

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးအမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ယခုအချိန်တွင် မိမိတို့အနေဖြင့်   ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်     ပြဿနာများသည် များပြားကြောင်း၊ ၂ဝ၁၆ ခုနှစ်တွင် ARSA အကြမ်းဖက်အဖွဲ့က စတင်တိုက် ခိုက်မှုများ ရှိခဲ့ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည် နယ်တွင်     စိန်ခေါ်မှုများစွာ ရင်ဆိုင်ခဲ့ရကြောင်း၊ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက် တွင် AA အဖွဲ့၏ စတင်တိုက်ခိုက်မှုများကြောင့် စိန်ခေါ်မှုများ ပိုမိုရင်ဆိုင်ခဲ့ရကြောင်း၊ ပြည်သူများလည်း   များစွာဒုက္ခရောက်ခဲ့ကြကြောင်း၊   တိုက်ပွဲများဖြစ်သည့်အခါ အပြစ်မဲ့ပြည်သူများ ထိခိုက်ကြရကြောင်း၊  မိမိတို့ပြည်သူများကို ကာကွယ်ရန်အတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ရကြောင်း၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဆက်စပ်နေသည်မှာ လူမှုအသိုင်းအဝိုင်း လုံခြုံရေး ဖြစ်ကြောင်း၊    ယင်းကိစ္စတွင် ကျန်းမာရေးလည်း ပါဝင်ကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေရမည် ဆိုပါက လူမှုအသိုင်းအဝိုင်းတွင် လုံခြုံမှုမရှိနိုင်သည့်အတွက် တစ်ချိန်လုံး စိုးရိမ်နေရကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်မှ ပြင်ပသို့မသွားရောက်ကြရန် ပိတ်ပင်ထားခြင်းသည် ရောဂါရှိသူများကို ခွဲခြားဆက်ဆံခြင်း မဟုတ်ကြောင်း၊ ထိထိရောက်ရောက် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးနှင့်  အုပ်ချုပ်မှုအရ စီမံမှုပေးနိုင်ရန် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်  ဦးညီပုက  ရောဂါပြန့်ပွားမှု မြန်ဆန်သောကြောင့် ရခိုင်ပြည်နယ်ကို ကန့်သတ်၍ အပြင်မထွက်ရ အမိန့်ထုတ်ပြန်ပြီး အခြားဆက်စပ်နေသော တိုင်းဒေသကြီးများဖြစ်သည့် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းများမှ ပိတ်ပင်ကန့်သတ်မှု များ ပြုလုပ်သောကြောင့် ကုန်စည်စီးဆင်းမှု မရှိ၍   ရိက္ခာပြတ်လပ်မှု ဖြစ်ပွားမည်ကို စိုးရိမ်ပူပန်မှုများ ရှိကြောင်း၊ ထို့ပြင် Quarantine  Centre များ၊  ပြည်သူများကို ထောက်ပံ့နေရခြင်းများ ရှိကြောင်း၊   ၎င်းအပေါ်   ငွေကြေးလိုအပ်ချက်များ ရှိနေကြောင်း၊ ယခုရန်ပုံငွေကျပ် ၈၅  ဒသမ ၅ သန်း ရရှိထားကြောင်း၊ အရေးပေါ်ရန်ပုံငွေကျပ် ၁ ဘီလီယံကို တင်ပြတောင်းခံထားကြောင်း၊ ဘဏ္ဍာငွေ တင်ပြတောင်းခံထားမှုနှင့် ပတ်သက်၍  ခွင့်ပြုပေးစေလိုကြောင်း၊ ရခိုင်ပြည်နယ်၏ အနေအထားသည် ထူးခြားသည့် အနေအထားဖြစ်သည့်အတွက် ယခု အခြေအနေအပေါ်တွင် အားလုံးဝိုင်းဝန်း ပူးပေါင်းကာ မှန်မှန်ကန်ကန် စဉ်းစားသုံးသပ်ပြီး ညီညီညွတ်ညွတ် ဆောင်ရွက်ရေး သည် အရေးကြီးဆုံးဟု ထင်မြင်ကြောင်း ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ စစ်တွေမြို့သို့ ရောက်ရှိနေသည့် Volunteer  စောသော်မိုးအယ်က ယခင် Camp မှ  အတွေ့အကြုံများကို တင်ပြလိုကြောင်း၊ ပထမအချက်အနေဖြင့် Quarantine ဝင်သူများ စည်းကမ်းလိုက်နာမှု အားနည်းခြင်းသည် အဓိက စိန်ခေါ်မှုဖြစ်ကြောင်း၊ Camp ကို ထောက်ပံ့ပေးသည့် ကာကွယ်ရေးပစ္စည်းများ   တစ်ခါတစ်ရံ အချိန်မီ ရောက်မလာကြောင်း၊ တစ်ရက် နောက်ကျသွားသည်ဆိုသော်လည်း မိမိတို့ အမှန်တကယ် လုပ်ကိုင်နေသူများအတွက် များစွာအခက်အခဲဖြစ်ကြောင်း။

စေတနာ့ဝန်ထမ်း သီးသန့်သည် ၅ ရာခိုင်နှုန်းသာဖြစ်ကြောင်း၊ အခြားသူများသည် ရုံးအဖွဲ့အစည်းမှ လုပ်ကိုင်နေခြင်းဖြစ်သည့် အတွက် အခက်အခဲများ ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် Volunteer အဖြစ်ဆောင်ရွက်လိုသည့် ညီအစ်ကိုမောင်နှမများ ပါဝင်လာအောင်ထပ်မံ၍  တိုက်တွန်းပေးစေလိုကြောင်း၊ ဒေသခံများ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း၊ မိမိတို့ ကူညီပေးနိုင်သည်မှာ များစွာရှိသော်လည်း တချို့နေရာများတွင် ဘာသာစကား အခက်အခဲရှိကြောင်း၊ ဒေသခံများ ပူးပေါင်းလုပ်ဆောင်မည်ဆိုပါက အဆင်ပြေမည်ဖြစ်ကြောင်း၊ လက်ရှိ Quarantine များတွင် လူတစ်ဦးအတွက် တစ်နေ့တာ စားစရိတ် ၃ဝဝဝ ပေးကြောင်း၊ ယင်း ၃ဝဝဝ သည် စစ်တွေမြို့အနေဖြင့် များစွာခက်ခဲကြောင်း၊ ငွေကျပ် ၃ဝဝဝ နှင့် ရှေ့ဆက်သွားမည် ဆိုပါက CSO အဖွဲ့နှင့် အခြားအရပ်ဘက် အဖွဲ့အစည်းများ ရေရှည်ခံနိုင်မှုတွင် အနည်းငယ်ပြဿနာ ရှိနိုင်မည်ဖြစ်

ကြောင်း၊ ထို့ကြောင့် စားရေးသောက်ရေးကိစ္စများ အတွက် ငွေကျပ် ၅ဝဝဝ ပေးမည်ဆိုပါက Volunteer  အဖွဲ့အစည်းများ    အဆင်ပြေသွားမည်ဖြစ်ကြောင်း၊ သောက်သုံးရေ ရှားပါးသည့်အတွက် Quarantine များတွင် သောက်သုံးရေရရှိရန် တာဝန်ရှိသူများက ထောက်ပံ့ပေးမည်ဆိုပါက ပိုမိုလွယ်ကူမည် ဖြစ်ကြောင်း၊ အရပ်ဘက် အဖွဲ့အစည်းများ ကူညီပေးသည်ကိုလည်း များစွာကျေးဇူးတင်ရှိကြောင်း ဆွေးနွေးတင်ပြသည်။

ယင်းနောက် ရခိုင်ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင်က   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Health  Sector  Contingency  Plan  ကိုရေးဆွဲခဲ့ပြီး ယင်း Plan    အပေါ်အခြေခံ၍  ရခိုင်ပြည်နယ်နှင့် ကိုက်ညီသည့် Rakhine  State  Health  Sector  Contingency Plan ကို ရေးဆွဲခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလာသည့်လူနာများကို မည်သည့်လမ်းကြောင်းမှ မည်သို့သယ်ဆောင်မည်၊ IDP စခန်းများရှိ လူနာများအတွက် မည်သည့်ဆေးရုံများကို အသုံးပြုကြမည်၊ အရေးပေါ်ဖြစ်ပွားလာလျှင် မည်သို့ဆောင်ရွက်ကြမည်နှင့် ရခိုင်ပြည်နယ်အတွင်း လိုအပ်ချက်များကို ရေးဆွဲထုတ်ပြန်ပြီး ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်း များကို ဖြန့်ဝေခဲ့ကြောင်း ဆွေးနွေးတင်ပြသည်။

ထို့နောက် ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အလှူငွေများအား ဗဟိုသို့အပ်နှံခြင်း မပြုဘဲ ရခိုင်ပြည်နယ်၌သာ သုံးစွဲမည့်ကိစ္စအား ခွင့်ပြုပေးပြီးဖြစ်ကြောင်း၊  ရိက္ခာကိစ္စ တင်ပြချက်နှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်တွင် ရိက္ခာပြတ်လပ်မှု မရှိစေရန် အာမခံကြောင်း၊ လိုအပ်သည့် ရိက္ခာများကိုရနိုင်သည့် နည်းလမ်းဖြင့် ပို့ပေးမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ပူးပေါင်းဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း၊ ဘဏ္ဍာငွေကိုလည်း ပံ့ပိုးပေးမည်ဖြစ်ကြာင်း၊ မိမိတို့နိုင်ငံသည် ချမ်းသာသည့် နိုင်ငံမဟုတ်သော်လည်း ပြည်ထောင်စု၏ လိုအပ်သည့်အစိတ်အပိုင်းအား   အမြဲပြည့်ပြည့်စုံစုံ ထောက်ပံ့သွားမည်ဖြစ်ကြောင်း။

လာမည့်ရက်သတ္တ သုံးပတ်၊ လေးပတ်အတွင်း ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်မည်ဆိုပါက ကိုဗစ်ရောဂါ ပြန့်ပွားမှုအတွက် စိတ်သက်သာရာ ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုရက်သတ္တ သုံးပတ်၊ လေးပတ်အတွင်း အားလုံးစည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာရန် များစွာ အရေးကြီးကြောင်း၊ သောက်သုံးရေကိစ္စကို ဦးစားပေး၍ စီစဉ်ပေးမည်ဖြစ်ကြောင်း၊ စားစရိတ်အနေဖြင့် တစ်နေ့ ၃ဝဝဝ မလုံလောက်ပါက ပြန်လည်စဉ်းစားပြီး အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရမည်ဖြစ်ကြောင်း။

ထို့ကြောင့် ယခုတင်ပြသွားကြသည့် လိုအပ်ချက်များသည် မိမိတို့ပြည်သူများ၏ လိုအပ်ချက်များဖြစ်သည့်အတွက် အားလုံးကို ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်ရှိ ပြည်သူများ၊ ပြည်ထောင်စု တစ်ခုလုံးရှိ  ပြည်သူများအားလုံး ရခိုင်ပြည်နယ်၌ လက်ရှိရင်ဆိုင်နေရသည့် စိန်ခေါ်မှုကို ကျော်လွှားနိုင်ရန် အားလုံး ဝိုင်းဝန်းကူညီကြရန်၊    ညီညွတ်ကြရန် တိုက်တွန်းပြောကြားပြီး ဆွေးနွေးမှုကို ရပ်နား လိုက်ကြောင်း သိရသည်။